ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်သည့် ဟောင်ကောင်နိုင်ငံသားဦးရေသည် ၂၀၂၀ တွင် နှစ်ဆနီးပါးရှိလာ

ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်သည့် ဟောင်ကောင်နိုင်ငံသားဦးရေသည် ၂၀၂၀ တွင် နှစ်ဆနီးပါးရှိလာ
Photo: EPA

 ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်သားများအား နေထိုင်ခွင့်ပါမစ် နှစ်ဆနီးပါး ထိုင်ဝမ်က ထုတ်ပေးခဲ့ကြောင်း အစိုးရသစ်၏ အချက်အလက်များဖော်ပြနေပြီး ယင်းသည် ပိုမိုဆိုးရွားလာနေသည့်ဖိနှိပ်မှုများကြောင့် ဟောင်ကောင်မှ လူများအစုလိုက်အပြုံလိုက် ဆက်လက်ထွက်ခွာနေသည့် နောက်ထပ်သက်သေသာဓကဖြစ်ပါသည်။

ဇွန်လနှောင်းပိုင်းမှစတင်ကာ တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပေဒပြဋ္ဌာန်းပြီး ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသူများနှင့် အခြေခံလွတ်လပ်ခွင့်များကို ဖိအားများပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဌာန၏အဆိုအရ ၂၀၂၀ ပြည့်နှစ်တွင် ထိုင်ဝမ်အစိုးရသည် ဟောင်ကောင်သားများအတွက် နေထိုင်ခွင့်ပါမစ် ၁၀,၈၁၃ခု နှင့် အမြဲတမ်းအခြေချနေထိုင်ခွင့်ပါမစ် ၁,၅၇၆ခုကို ထုတ်ပေးခဲ့သည်။

ယင်းကိန်းဂဏန်းများက နေထိုင်ခွင့်ပါမစ် ၅,၈၅၈ ခုနှင့် အမြဲတမ်းအခြေချနေထိုင်ခွင့်ပါမစ် ၁,၄၇၄ ထုတ်ပေးခဲ့ သည့် ၂၀၁၉ ခုနှစ်ထက် နှစ်ဆနီးပါးရှိပါသည်။ ၂၀၁၆ ခုနှစ်ကိန်းဂဏန်းများကို ပြန်ကြည့်မည်ဆိုပါက နှစ်စဉ် နေထိုင်ခွင့် သို့မဟုတ် အမြဲတမ်းအခြေချနေထိုင်ခွင့်ပါမစ် ၅,၁၀ဝ ခန့်သာရှိခဲ့သည်။

ဒီဇင်ဘာလတစ်လတည်းတွင် နေထိုင်ခွင့်ပါမစ်နှင့် အမြဲတမ်းအခြေချနေထိုင်ခွင့်ပါမစ် အနည်းဆုံး ၁၃၀ဝ ခုစီထုတ်ပေးခဲ့သည်ဟု ထိုင်ဝမ်အစိုးရ၏ပြည်မရေးရာကောင်စီက ဂါးဒီးယန်းအား ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်က ထုတ်ပြန်ခဲ့သော ဟောင်ကောင်သန်းခေါင်စာရင်းအချက်အလက်များအရ လူဦးရေအသားတင်ကျဆင်းခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ဟောင်ကောင်၏လူဦး ရေမှာ ၇,၄၇၄,၂၀ဝ ရှိမည်ဟုအကြမ်းဖျဉ်းခန့်မှန်းထားသော်လည်း၊ ယခင်နှစ်ထက် လူဦးရေ ၄၆,၅၀ဝ သို့မဟုတ် ဝ.၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အတိုက်အခံလှုပ်ရှားမှုများကို ချေမှုန်းရန်နှင့် ဖျက်သိမ်းရန် အာဏာပိုင်များ၏ ကြိုးပမ်းမှုကို တုန့်ပြန်သောအနေဖြင့် ဟောင်ကောင်နိုင်ငံသားများ အမိမြေမှ ထွက်ခွာရန် နည်းလမ်းများစွာရှိသည်။ ဇန်နဝါရီလတွင် သြစတြေးလျမှထုတ်ပြန်သောအချက်အလက်များအရ တိုင်းပြည်အတွင်းရှိ ဟောင်ကောင်သား ၂,၅၀ဝ သည် ဗီဇာသက်တမ်းတိုးထားပြီး၊ ၅၀ဝ ကျော်သည် ပြန်လည်နေထိုင်ခွင့်ရရန် ဗီဇာလျှောက်ထားခဲ့သည်။

ဗြိတိသျှအမျိုးသား (နိုင်ငံရပ်ခြား) နိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူများကို ပြန်လည်နေရာချထားရန် အစီအစဉ်မှ တစ်ဆင့် ဗြိတိန်နိင်ငံသို့ ပြောင်းရွှေ့ရန် သိန်းနှင့်ချီသောသူများသည် မျှော်လင့်နေသည်။ ထိုင်ဝမ်လည်းလူကြိုက်များသည့် နေရာတစ်ခုဖြစ်သည်။

Foreign Policy မဂ္ဂဇင်းက ၂၀၂၀ ပြည့်နှစ်အလယ်ပိုင်းတွင် ပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုတွင် ဖြေဆိုသူအားလုံး၏ထက်ဝက်သည် ဟောင်ကောင်မှ ထွက်ခွာရန် စဉ်းစားခဲ့ကြပြီး ထိုဖြေဆိုသူများ၏ သုံးပုံတစ်ပုံသည် ပထဝီအနေအထားအရနှင့်ယဉ်ကျေးမှုအရ နီးစပ်သောထိုင်ဝမ်ကို ဦးစားပေးရွေးချယ်စရာအဖြစ်သတ်မှတ်ခဲ့ကြသည်။

စစ်အင်အားဖြင့် ထိုင်ဝမ်ကိုသိမ်းပိုက်ရန် တရုတ်အစိုးရ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့် ထိုင်ဝမ်အစိုးရသည်ပင်လျင် ဟောင်ကောင်ပြည်သူများနှင့် ဆန္ဒပြနေသူများကို လွတ်မြောက်ရေးတိုက်ပွဲဝင်သူများဟုနိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ခေါ်ဝေါ်ခြင်းဖြင့် အားပေးထောက်ခံမှုကို ကြိမ်ဖန်များစွာ ဖွင့်ဟပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်လယ်ပိုင်းတွင် ထိုင်ဝမ်-ဟောင်ကောင် ငွေလဲဝန်ဆောင်မှုနှင့် ငွေလဲလှယ်ရေးရုံးကို တည်ထောင်ခဲ့ခြင်းက ထိုင်ဝမ်တွင် အခြေချနေထိုင်သော ဟောင်ကောင်နိုင်ငံသားများကို အထောက်အကူဖြစ်စေခဲ့သည်။ လှေဖြင့်သွားရောက်ရန် ကြိုးပမ်းပြီးနောက် တရုတ်နိုင်ငံတွင် ဖမ်းဆီးထောင်ချခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူအုပ်စုများကဲ့သို့ အချို့ကလည်း ထိုင်ဝမ်သို့ သွားရန် အပြင်းအထန် ကြိုးစားခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly