ကျဆုံးမှု အများဆုံး ဖြိုခွင်းခံရပေမယ့် ဆန္ဒပြမှုတွေ ဆက်ဖြစ်

ကျဆုံးမှု အများဆုံး ဖြိုခွင်းခံရပေမယ့် ဆန္ဒပြမှုတွေ ဆက်ဖြစ်
Photo: EPA

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေကို ရဲနဲ့ စစ်တပ်က နှိမ်နင်းရာမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ လူသေဆုံးမှု အများဆုံးအဖြစ်နဲ့ ဖြိုခွင်းခံရပေမယ့် ဒီကနေ့မှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အထွေထွေသပိတ်မှာ ပြည်သူ ၁၈ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြပွဲ ဒုတိယလအစ ဒီကနေ့ မတ် ၁ ရက်မှာ ရန်ကုန်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ပါတယ်။ ဒါဟာဆိုရင် နိုင်ငံရဲ့ အကြီးဆုံး ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို ဒုတိယမြောက်နေ့အဖြစ် အကြမ်းဖက်ဖြိုခွင်းတာလည်း ဖြစ်ပါတယ်။

“ကျွန်တော် အိမ်ကနေ ၈ နာရီကတည်းက ထွက်လာပြီး အခု ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းတာပါ၊ ကျွန်တော်မှာ ဆယ်လသား သားငယ်ရှိတယ်၊ ဆန္ဒပြပြီးရင်တော့ အိမ်အရောက် ပြန်ရမယ်”ဟု ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အဲရစ်က ပြောပါတယ်။

“ကျွန်တော် ဒီမှာ ရှေ့တန်းကနေ ပါဝင်နေတာပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့် သားကို အမှောင်ခေတ်ထဲမှာ မကြီးပြင်းစေချင်ဘူး၊ ပြီးတော့ မနေ့က ဆန္ဒပြပွဲအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေအတွက်လည်း ဖြစ်တယ်”ဆိုပြီး အဲရစ်က ပြောပါတယ်။

“မိသားစုကို ပြောထားခဲ့တယ်၊ စိတ်မပူဖို့၊ ပြီးတော့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ပါ။ အားလုံးဟာ အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်၊ ပြီးတော့ ကျွန်တော် ပြည်သူတွေကို တောင်းဆိုချင်တာက ဘယ်အရပ်ဒေသကပဲ ဖြစ်ဖြစ် ရှေ့တန်းက ကျွန်တော်တို့တွေအတွက် ကျေးဇူးပြုပြီး ဆုတောင်းပေးပါ”လို့ သူက ပြောခဲ့ပါတယ်။

ဒီနေ့ မတ် ၁ ရက်နေ့မှာပဲ ဖယ်ရှားဖမ်းဆီးခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဗီဒီယိုလင့်ကနေပြီး တရားစွဲဆို ရုံးထုတ်ပါတယ်။ နောက်မဆုတ်တမ်း ကြီးမားတဲ့ ဆန္ဒပြပွဲတွေကို ဖြစ်ပွားစေတဲ့ လွန်ခဲ့တဲ့ တစ်လက စစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက မမြင်မတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအဖြစ် ရှေ့နေဖြစ်သူက ဗီဒီယိုလင့်ကနေ မြင်တွေ့ခွင့် ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် ပြုလုပ်တယ်ဆိုပြီး ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅(ခ)နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နဲ့ ထပ်တိုးတရားစွဲခဲ့တယ်လို့ တရားရုံးအတွင်း ရောက်ရှိခဲ့သူတွေထံက သိရပါတယ်။

အမှုကို မတ် ၁၅ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly