ပုန်ကန်မှု တန်ပြန်ရေး၊ အမိန့်ပေးစင်တာနဲ့ နွေဦးသင်ခန်းစာ

ပုန်ကန်မှု တန်ပြန်ရေး၊ အမိန့်ပေးစင်တာနဲ့ နွေဦးသင်ခန်းစာ
Photo: EPA

(က ) စစ်အာဏာရှင်တွေက ဖက်ဆစ်ဂျပန်၊ အင်္ဂလိပ်ကိုလိုနီထက် ပိုဆိုးတယ်

အိမ်စောင့်အစိုးရ လက်ထက် ၆ လနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး အတော်နဲ့ မလုပ်ဖြစ်။ အတိုက်အခံတွေ လက်ဝဲ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ သတင်းစာဆရာတွေ၊ သမဂ္ဂတွေကို ဖမ်းဆီးထောင်ချတာတွေ အိမ်စောင့်အစိုးရက လုပ်နေတဲ့ ကာလဖြစ်တယ်။

အဲကာလက ဦးနုမိတ်ဆွေတချို့က ရောက်လာတော့ ဦးနုက စစ်အာဏာရှင် အိမ်စောင့်အစိုးရကို အနုနည်းနဲ့ သူအာဏာဖီဆန်ဖို့ လုပ်နေတဲ့အကြောင်းပြောပြတယ်။

သူ့မိတ်ဆွေတွေကတော့" ဗြိတိသျှအစိုးရဆိုရင် အနုနည်းနဲ့ အာဏာဖီဆန်ဖို့ လွယ်တယ်၊ လူထုရဲ့ ဆန္ဒကို လေးစားသလောက် လေးစားတယ်။ ဥပဒေရိုသေတယ်။ အနုနည်းနဲ့ အာဏာဖီဆန်သူတွေကို စိတ်လိုက်မာန်ပါ မလုပ်ဘူး၊ အိန္ဒိယနဲ့ ဗမာနိုင်ငံမှာ အနုနည်းနဲ့ အာဏာဖီဆန်တုန်းက တကြိမ်နှစ်ကြိမ်လောက်ကလွဲပြီး ဗြိတိသျှအစိုးရဟာ စိတ်လိုက်မာန်ပါ မလုပ်ခဲ့ဘူး။ စစ်အာဏာရှင်တွေက ဒီလိုမဟုတ်ဘူး၊ လူထုဆန္ဒအရေးမစိုက်ဘူး။ အနုနည်းနဲ့ အာဏာဖီဆန်ရင် သူတို့ အရမ်းချလိမ့်မယ်။ အဲဒီအခါ လူထုက အုံကြွပြီး စစ်အာဏာရှင်တွေကို ပြန်ချလိမ့်မယ်။ ဒီတော့ ဦးနုက အနုနည်းနဲ့ အာဏာဖီဆန်ချင်ရင် ဆက်လုပ်ပါ။ သူတို့ကတော့ လက်နက်ကိုင်ပြီးတော့သာ တိုက်ချင်တယ်။ ဦးနုတတ်နိုင်တဲ့ဘက်က ကူညီပါ'လို့ ပြန်ပြောတယ်။

ဒါပေမယ့် အိမ်စောင့်အစိုးရက ၁၉၆၀ ဖေဖော်ဝါရီလ (၆) ရက်နေ့ကတည်းက ရွေးကောက်ပွဲကျင်းပပေးတဲ့အတွက် အနုနည်းနဲ့အာဏာဖီဆန်ရေးကော၊ လက်နက်ကိုင်တော်လှန်ရေးပါ အကောင်အထည်မဖော်လိုက်ရပါ။

အဲဒီ ပါလီမန်ခေတ် အိမ်စောင့်အစိုးရလက်ထက်မရောက်ခင် ၅ နှစ်ခန့်အလို ရန်ကုန်ရောက်နေတဲ့ ရှမ်းနိုင်ငံရေးသမား ဦးထွန်းမြင့်က ရှမ်းပြည်ပြန်နိုင်ငံရေး လုပ်မယ်ဆိုပြီး ပြန်ပါသတဲ့။

ရှမ်းပြည်ရောက်တော့ သူ့အိပ်မက်တွေ ပျက်ပြယ်ရုံမက ရောက်ရောက်ချင်း သူ့ရင်ဘတ်ကို ဆောင့်ကန်သလို အဖြစ်အပျက်တွေ သတင်းတွေက တန်းစီဝင်ပါလာပါသတဲ့။

ဒါကတော့ အဲတုန်းက ကူမင်တန် အကြောင်းပြပြီး ရှမ်းတပြည်လုံးကို စစ်အုပ်ချုပ်ရေးလုပ်၊ နိုင်ငံရေးစွက်ဖက်နေတဲ့ စစ်တပ်နဲ့ အဲတုန်းက စစ်တပ်ခေါင်းဆောင်တွေနဲ့ ပုလင်းတူဗူးစို့ ရပ်တည်တဲ့ ဆိုရှယ်လစ်အုပ်စုတွေရဲ့ အပြုအမူတွေကြောင့်ဖြစ်ပါတယ်။ (မှတ်ချက်။ ။ အမှန်တော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ခေတ်မှာ တပ်မတော်ထိပ်တန်း ရာထူးရယူနိုင်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဖေ စတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖွဲ့စည်းတဲ့ ဗမာပြည်ပါတီ ဆိုရှယ်လစ်ပါတီမှ ထိပ်တန်း တာဝန်ရှိသူတွေဖြစ်)

လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလွန်အကျွံလုပ်၊ နိုင်ငံရေး စွက်ဖက်တာတွေ လုပ်သလို တပ်မတော် အမြှောင်တွေက စစ်တပ်ကို သုံးနိုင်ငံရေးလုပ်နေကြလို့ ရှမ်းတပြည်လုံးက ပြည်သူတွေဟာ တပ်မတော်ကို မုန်းနေကြပါသတဲ့။

အဲလို စနစ်ကြောင့်ပဲ အင်္ဂလိပ်ခေတ် ၆၅ နှစ်လုံးလုံး ဆိုးဆိုးရွားရွား သိပ်ခံစားရမှု မရှိဘဲ ဗမာပြည်နဲ့လည်း သိပ်အဆက်ဆံမရှိတဲ့ ရှမ်းပြည်သူတွေအကြား "ဗမာတပ်၊ ဗမာစစ်သား၊ ဗမာနယ်ချဲ့စနစ်' ဆိုတဲ့ အယူအဆပါကိန်းအောင်း ထွန်းကားလာနေတယ်လို့ ဦးထွန်းမြင့် ( တောင်ကြီး ) က ဆိုခဲ့တယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ် ဂျပန် ရှမ်းပြည်ကို ဝင်ပေမယ့် လွတ်လပ်ရေးရပြီးကာလ အဲဒီ စစ်အုပ်ချုပ်ရေး ကာလလောက် မဆိုးရွားဘူးလို့ ဦးထွန်းမြင့်က မှတ်ချက်ပြုတယ်။

( ကိုးကား။ ။ တာတေစနေ ၊ ဦးထွန်းမြင့်( တောင်ကြီး ) ဖက်ဒရယ်မူဆိုတာ ဘာလဲ)

(ခ) နွေဦးအစ ဝိ၀ါဒမှ ကိုင်စွဲ မူဝါဒ အပြောင်းအလဲလေလား

အာဏာသိမ်းပြီးကတည်းက ဖြစ်လာတဲ့ ဆန္ဒပြပွဲများတွင် ၂၀၀၈ ခြေဥထဲကအောက်မှ နေပြီး အာဏာပြန်တောင်းမည်လော၊ သို့မဟုတ် ခြေဥဖျက်၊ ကြားဖြတ်ညီညွတ်ရေးဖွဲ့၊ ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံ တရပ်ရပ်ကို အစားထိုး ( သို့မဟုတ် ) ရေးဆွဲပြီး အာဏာရှင်ကို တိုက်မည်လော ဆိုတဲ့ အယူအဆ နှစ်ရပ်က ဒီမိုကရေစီ နဲ့ တိုင်းရင်းသား အင်အားစုတွေအကြား လွန်ဆွဲပျံ့နှံ့နေတာတွေ့ရတယ်။

၂၈ ရက်နေ့ ဖြိုခွင်းမှုတွေ ဖြစ်လာတော့ ယခင်ရက်တွေက ဒီမိုကရေစီ Restore ပြန်လည်ထူထောင်ရေးလာက်သာ အော်ခဲသူတွေက၊ အာဏာရှင် အမြစ်နုတ်ရေး အယူအဆ၊ အလုံးစုံ ပြောင်းလဲရေး Reform ကို ပြောင်းလဲ တောင်းဆိုလာတာ တွေ့ရတယ်။

(ဒါပေမယ့် CRPH လွှတ်တော်ကိုယ်စားပြုကော်မတီကတော့ ဖြိုခွင်းပြီးကာလ လမ်းပြမြေပုံ မဟာဗျူဟာ ဘာနဲ့ ဆက်သွားမယ်ဆိုတာ အခုထိ မသိရသေးသလို၊ ၂၀၀၈ ကို ဖျက်မယ်ဆိုတဲ့ အသံလည်း ထွက်မလာသေးပါ။)

တချိန်တည်းမှာပဲ အရင်က ကိုးကန့်၊ ပလောင်၊ ကချင်၊ ရခိုင်ဒေသတွေမှာ စစ်ပွဲတွေ ဆင်နွှဲတုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေ ရှုတ်ချနေတဲ့ သတင်းထောက်အချို့နဲ့ စာရေးသူရဲ့ ဆိုရှယ်မီဒီယာ မိတ်ဆွေတချို့လည်း အာဏာရှင်ကို ဖီဆန်တာ ဘာလုပ်လုပ်မျှတတယ်ဆိုတဲ့ အယူအဆမျိုးတွေ ပြောင်းလာတာတွေ့ရတယ်။

(ဂ) ကဏ္ဍ ၅ ရပ် နဲ့ ဆက်စပ် ပုံဖော်ခြင်း

အခုလူထုတိုက်ပွဲဟာ ဖိနှိပ်မှု ယန္တရားအားလုံး တွန်းလှန်ဖို့ ဖြိုဖျက်ဖို့ အခြေအနေကောင်းလို့ မိုင်ဂျာယန် ဖက်ဒရယ်အကယ်ဒမီက ဦးအောင်ထူးက ပြောတာ သတိထားမိတယ်။

သူ ထောက်ပြတဲ့ အချက် ၅ ချက်ကတော့

(၁) Legitmcy ပြည်တွင်း ပြည်ပ တရားဝင်မှု၊ တရားနည်းလမ်းကျမှုဆိုင်ရာ တိုက်ပွဲ

( တရားဝင်မှုမှာ ဒီမိုကရေစီဘက်တော်သားတွေ ၊ တိုင်းရင်းသားအင်အားစုတွေဘက်က ရဖို့၊ ၄င်းတို့ကို အခြေခံတဲ့ လွှတ်တော် အစိုးရတွေ တရားဝင်စေဖို့)

(၂) လူထုတိုက်ပွဲ ( လက်ရှိ CDM လှုပ်ရှားမှုအပါအဝင် ၊ သပိတ် ဆန့်ကျင်မှု လူထုဆန္ဒပြမှုတွေ )

(၃) ဥပဒေရေးရာအရ တိုက်ပွဲ

( တရားမဝင်အုပ်စိုးသူတွေကို အရေးယူနိုင်ဖို့အတွက် ပြည်တွင်း ပြည်ပ ဥပဒေကြောင်းအရ လှုပ်ရှားတာ ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖိနှိပ်သတ်ဖြတ်မှုတွေအတွက် အရေးယူဖို့ တွန်းအားပေးတာ )

(၄) သံတမန်ရေးရာ တိုက်ပွဲ

( အခု ဦးကျော်မိုးထွန်းတို့ကို ကုလသမဂ္ဂက သံအမတ်အဖြစ် ဆက်အသိအမှတ်ပြုတာမျိုး ၊ ဒေါက်တာ ဆာဆာတို့ကို ခန့်အပ်တာမျိုးအပါအဝင် စစ်ကောင်စီကို သံတမန်ရေးအရ တရားမဝင်အောင် ၊ စစ်ကောင်စီနဲ့ အဆက်ဆံမလုပ်အောင် လုပ်တာတွေ ပါဝင်)

(၅) တိုင်းရင်းသားပြည်နယ်တွေ အခြေပြု တိုက်ပွဲပုံဖော်တာ

( တိုင်းရင်းသားအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဘဲ ဒီပွဲက မအောင်မြင်နိုင်ဘူးလို့ သူက ဆိုတယ်။ )

ပြန်ကြည့်ရင် သံတမန်ရေး နဲ့ Legitamcy တိုက်ပွဲမှာ ပြည်သူတွေ အသာရနေတယ်။

လတ်တလော အရေးကြီးနေတဲ့ သပိတ်တိုက်ပွဲတို့ CDM တို့က အရှိန်ဆက်မြှင့်ဖို့ လိုသလို ဗျူဟာ ပြောင်းလဲဖို့ လိုလာတယ်။ တိုင်းရင်းသား ပြည်နယ်တွေမှာ ပုံဖော်အရှိန်မြှင့်ဖို့ကတော့ နိုင်ငံရေးအပေးအယူလုပ်မှ ရမယ့်အနေထားပါ။

ဘာကြောင့်ဆိုတာ အောက်မှာဆက်ရှင်းပြပါ့မယ်။

(ဃ) ပါ၀ါ ဥပဒေသ၊ ပုန်ကန်မှု တန်ပြန်ဖြိုခွင်းခြင်းဆိုင်ရာ ဗျူဟာနဲ့ ဘယ်လို တုံ့ပြန်မလဲ

အရင်တုန်းက ပုန်ကန်မှုတွေ တန်ပြန်ဖြိုခွင်းရေး နည်းဗျူဟာက အလုံးစုံ ပျက်စီးရေး Destruction ဖြစ်တယ်။ ဒါပေမယ့် အလုံးစုံ ပျက်စီးရေးဟာ ရေရှည်မှာ ကိုင်တွယ် အသုံးချသူဆီကို မလိုလားအပ်တဲ့ သက်ရောက်မှုများလွန်းတာကြောင့် ဗျူဟာပြောင်းစဉ်းစားလာရတယ်။

၂၁ ရာစုမှာတော့ Disruption ဖြတ်တောက်ရေးလို့ခေါ်တယ်။ ပုန်ကန်မှု လူမစုနိုင်ခင် ကြားမှာ ဖြတ်တောက်တာ၊ ပုန်ကန်နေတဲ့ နယ်မြေတခုနဲ့ တခု ချိတ်ဆက်မှု မရအောင် နည်းပညာ၊ ဆိုက်ဝါး၊ အင်အားသုံး ဖြတ်ထားတာ မျိုးတွေကို ဆိုလိုတယ်။

လူထုတိုက်ပွဲမျိုးတွေမှာဆိုရင် လူထုတိုက်ပွဲ ဖော်ဆောင်သူတွေအကြား စုစည်းညီညွတ်မှုမရှိအောင် ကြိုတင် ဝင်နှောင့်ထားတာမျိုးက အစ ဒီ Disruption က နည်းဗျူဟာတခုအနေနဲ့ ပါဝင်ပါတယ်။ အင်တာနက်ဖြတ်တောက်တာမျိုးတွေက အစပါ။

လူထုဆန္ဒပြပွဲတွေမှာ လမ်းပေါ် လူစုလို့မရအောင် ကြိုဖြတ်တောက် နှောင့်ယှက်ပစ်ခတ်တာမျိုးကလည်း Disruption ထဲ ပါဝင်ပါတယ်။

အသေးစိပ်ပြောရင်လည်း တန်ပြန် အော်ပရေးရှင်း ဗျူဟာတွေက စာတပုဒ်နဲ့ မလုံလောက်တာကြောင့် အသေးစိပ် ဒီဆောင်းပါးမှာ မရေးတော့ပါ။

ဒီလို အခြေအနေမျိုးတွေမှာ ဆန္ဒပြသူတွေနဲ့ ပျောက်ကျားစစ်ပွဲ တခုလို ဗျူဟာသုံးပြီး ပြန်ယှာဉ်ရပါသတဲ့။

အောင်မြင်ခဲ့တဲ့ အာရပ်နွေဦး ဆန္ဒပြပွဲတွေဖြစ်တဲ့ အီဂျစ်နဲ့ တူနီးရှား ဆန္ဒပြပွဲတွေမှာ အတိုက်အခံတွေဘက်က လူထုသပိတ်နဲ့ ပတ်သက်လို့ အတိုးအလျှော့ အဆုတ်အတက်လုပ် ကစားဖို့အတွက် အမိန့်ပေး စင်တာတွေ တည်ဆောက်ထားနိုင်ပါသတဲ့။

ထိုင်းလိုနိုင်ငံမှာတောင် အတိုက်အခံတွေက လှုပ်ရှားတာ အရမ်းသိုဝှက်ပြီး UG ဆန်သလို ဆန္ဒပြပွဲ အများစုဘယ်နေရာမှာ လုပ်မယ်ဆိုတာ ထောက်လှမ်းရေးတွေက ကြိုသတင်းမရဘဲ Surprise Attack ပုံစံနဲ့ ကစားတာတွေ ရှိတယ်လို့ ထိုင်းနိုင်ငံသား မိတ်ဆွေတဦးက ပြောဖူးတယ်။

ဘာကြောင့် ဒါမျိုးတွေ လိုအပ်ပါသလဲဆိုတတော့ သပိတ်တွေ လူထု လှုပ်ရှားမှုတွေရဲ့ သဘောသဘာဝ ကိုကြည့်ရင် ဒီလို စစ်ဘက်ရေးရာဆိုင်ရာ Command Center တွေလိုအပ်မှုကို သတိပြုမိမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် ၈ လေးလုံးအရေးတော်ပုံကို ကြည့်ကြပါစို့။

(၁) ပထမအဆင့်မှာ လူတိုင်းပါဝင်နိုင်တယ်။ လူတိုင်းခေါင်းဆောင် ။ ဗျူဟာမရှိဘူး။ အော်ချင်တာ အော်လို့ရသလို ရုပ်ရှင်မင်းသမီးလည်း ခေါင်းဆောင်ဖြစ်လို့ရတယ်။

(၂) ဒုတိယအဆင့်မှာပွဲစကြမ်းလာပြီ၊ ပစ်ဖမ်း ရိုက်နှက်ပြီ ၊ လူတွေထိလာပြီ၊ ဒီအတိုင်းဆက်လို့ရမရ စဉ်းစားလာရပြီ။ လူတိုင်းရှေ့မထွက်ရဲတာတွေ ဖြစ်လာတယ်။

(၃) တတိယအဆင့်မှာ ပစ်ကြခတ်ကြပြီ ၊ သေကြပြီ ပွဲကြမ်းလာတော့ ဦးဆောင်မှုနဲ့ ဗျူဟာက စကားပြောလာပြီ၊ နည်းပညာ ကိရိယာ တန်ဆာပလာတွေ လိုလာတယ်။ ထွက်တိုက်တဲ့လူတွေကိုတောင် ပြေးလာရင် လက်မခံရဲတာတွေဖြစ်လာပြီ ၊ သတ်ဖြတ်သေကြေတာတွေ ရှိလာပြီ။

(၄) စတုတ္တအဆင့်ကတော့ သူ့ဘက်ကိုယ့်ဘက် အသေဆော် ၊ လက်နက်တွေပါလာတဲ့ အဆင့်ဖြစ်ပြီး ၊ ခေါင်းဆောင်တွေ စည်းမျဉ်း ဗျူဟာတွေပဲ အလုပ်လုပ်တော့တဲ့ အဆင့်

စတဲ့အဆင့်တွေကို မြင်ခဲ့ရတယ်။

တူနီးရှား ၊ တောင်ကိုရီးယား ၈၇ ဇွန် အရေးတော်ပုံတို့မှာတော့ ပထမ နဲ့ ဒုတိယ အဆင့်လောက်မှာတင် အတိုက်အခံတွေဘက်က Command Center တွေ တည်ဆောက်နိုင်ခဲ့ကြတယ်။

လူခွဲချင်း ၊ လူစုခြင်း ၊ လျှပ်တပြက် ဆုတ်ခွာခြင်းတို့ဟာ ပျောက်ကျားစစ်မှာပဲဖြစ်ဖြစ် ၊ လူထုတိုက်ပွဲ အရှိန်မတန့်ရေးမှာဖြစ်ဖြစ် အရေးပါပါတယ်။

ဥပမာ မမျှော်လင့်တဲ့ တနေရာမျိုးကို ဝင်ဆန္ဒပြတာမျိုးကအစပါ။

မအောင်မြင်တဲ့ ၁၉၈၀ ပိုလန်မှာတော့ ဆန္ဒပြပွဲတွေဟာ ဟိုတစုဒီတစု စနစ်တကျ ချိတ်ဆက်မှုမရှိခဲ့ပါ။ ၁၉၈၉ သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု ပိုလန် အရေးတော်ပုံကတော့ ၁၉၈၀ နဲ့ ဗြောင်းဗြန်ပါ။

ဥပမာ Timing တွေခေါ်တယ်။ Trade Union အချင်းချင်း ချိတ်ဆက်မှုရှိတော့ သပိတ်ကို ခေါ်လိုက် နိုင်ငံရေးတောင်းဆိုချက်တင်ထားတုန်း ခဏနားလိုက် ဘယ်နေ့မရရင် ပြန်လမ်းပေါ်တက်လိုက်နဲ့ လူတွေလည်း အားပြည့်အင်ပြည့်နဲ့ လမ်းပေါ် လူထုတိုက်ပွဲ ဆက်နွှဲနိုင်ခဲ့ပါတယ်။

လက်ရှိ လူထုလှုပ်ရှားမှုက စစ်ပွဲ အယူအဆအရပြောရင် Command Units တွေပျောက်နေသလို ခေါင်းဆောင်မှု လေဟာနယ်ကြီးနေတော့ ပိုလန်လို နိုင်ငံရေးတောင်းဆိုချက်နဲ့ လူထုလှုပ်ရှားမှု တွဲစပ်စနစ်တကျ ချိတ်ဆက်ပုံဖော်တာမလုပ်နိုင်သေးပါ။

သို့သော် နောက်မကျသေးလို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ လူထုလှုပ်ရှားမှုကို အလျင်မပြတ် ဆက်ထိန်းနိုင်ရေးက ၊ တနည်းအားဖြင့် အကုန်လုံး အားကုန် အစုအပြုံလိုက် တက်ကစားနေတာမဟုတ်ပဲ စနစ်တကျ အလှည့်ကျ ကစားနိုင်မှုက အရေးပါလာတယ်လို့မြင်ပါတယ်။

ပျောက်ကျားစစ်နဲ့ သေနင်္ဂဗျူဟာ အရကြည့်ရင် စစ်တွင် အရေအတွက်သာလွန်ခြင်းသည် အင်အားသာလွန်ုခြင်းမဟုတ်

( ဆွန်ဇူး ၊ အခန်း (၉))

သူရဲကောင်းဆန်ဆန် တပ်တွေကို မချီတက်ဖို့နဲ့ မိမိအင်အားကို စုစည်းခြင်း၊ ရန်သူကို သုံးသပ်မှု နှင့် သူ့အားနဲ့ သူ့ကို ပြန်ကစားနိုင်မှုပင် လုံလောက်တယ် လို့ ဆွန်ဇူးက ဆိုဖူးတယ်။

ကျွန်တော် ဒီအရေးတော်ပုံ အစပိုင်းကတည်း မဇ္စိုမမှာ ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်လိုပါပဲ။ အရေးတော်ပုံကို Sustain စဉ်ဆက်မပြတ်ရှိစေခြင်း နဲ့ လူထု ခံနိုင်ရည်က အရေးပါတယ်ဆိုတဲ့ကိစ္စမျိုးမှာ နည်းဗျူဟာ ၊ နိုင်ငံရေး ရလဒ်ပုံဖော်မှု ၊ ဦးဆောင်မှုတွေနဲ့ ယှာဉ်တွဲ ကစားကြရမှာဖြစ်ပါတယ်။ ဖြိုခွင်းမှုဖြစ်တဲ့ ၂၈ ရက်နေ့ကဆိုရင် လူတွေက တက်တက်ကြွကြွနဲ့ ပြေးစရာ ပိတ်နေတဲ့ လမ်းတွေမှာတောင် အုံလိုက်ကျင်းလိုက် ဖြစ်နေခဲ့ပြီး ချိတ်ဆက်မှု ဗျူဟာ အလွန်အမင်းအားနည်းခဲ့တာမျိုး တွေ့ရပါတယ်။

စစ်သဘောအရ ခွာစစ်ဆိုတာ ၊ ဆုတ်ခွာခြင်း မဟုတ်သလို လိမ္မာပါးနပ်တဲ့ နည်းဗျူဟာ တခုပါလို့ ဆွန်ဇူးက ဆိုဖူးတယ်။

မျက်မှောက်ခေတ် ပုန်ကန်မှုသူပုန်ထမှုတွေမှာလည်း အတိုးအဆုတ်လိုက် ပျောက်ကျားစစ် ၊ အင်အားနဲ့ ဝင်စီးရတဲ့ လှုပ်ရှားမှုမျိုးတွေကိုအလျဉ်းသင့်သလို ကစားကြတာမျိုးတွေ တွေ့ရပါတယ်။

ဥပမာအားဖြင့် CRPH ဟာ နိုင်ငံရေး ဦးဆောင်သူဆိုရင် သပိတ်ကော်မတီတွေ ၊ UG တွေက စစ်ရေး တောင်ပံ လို ဖြစ်နေရမှာပါ။ နည်းပညာ သုံးရတဲ့ တိုက်ပွဲတွေမှာ မြို့ပေါ် လူထုတိုက်ပွဲကို ပျောက်ကျားပုံနဲ့ ပုံဖော်

စစ်တပ်က လူတွေ ဖတ်လေ့ရှိတဲ့ ပါ၀ါ ဥပဒေသ လို စာအုပ်မျိုးမှာဆိုရင်-

မိုးဇက်လက်ထက်မှစလို့ ခေါင်းဆောင်ကြီးများသည် ရန်သူများကို အမြစ်ပြတ်ချေမှုန်းရမည်ဟု လက်ခံယူဆထားကြပြီးဖြစ်သည် တခါတရံ ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းမှာမှာ ခက်ခဲသည့် လုပ်ငန်း ဖြစ်တတ်သော်လည်း ရန်ကြွင်းရန်စ ကျန်နေပါက အလွန်သေးငယ်သည့် မီးတောက်ဖြစ်လာနိုသည့်အတွက် ထိုမီးတောက်ကို ငြှိမ်းသတ်ရန် ဆောင်ရွက်ရခြင်းမှာ အလုံးစုံချေမှုန်းခြင်းထက် ခက်နိုင်ပေသည်။ ထို့ကြောင့်ရန်သူအား နာလန် မထူစေရန် အတွက် စိတ်ရောကိုယ်ပါ ချေမှုန်းပစ်ရမည်။

( ရောဘတ်ဂရင်း-48 Laws of Powers ) ဆိုတဲ့ အချက်မျိုးတွေ ပါနေပါတယ်။

စစ်ကောင်စီ အနေနဲ့ လူထုဆန္ဒပြမှု ဖြိုခွင်းမှုတွေကို Disruption နည်း နဲ့အတူ သူ့ပါ၀ါရရှိရေးအတွက် ဥပဒေသတွေနဲ့ ချိန်ညှိပုံဖော်နေတာပါ။ တဘက်မှာ နိုင်ငံရေးအရလည်း တရားဝင်အောင်ကြိုးပမ်းနေတာတွေ့ရပါလိမ့်မယ်။

ဥပမာ စစ်သမိုင်းများ အဓိက ရေးသားခဲ့တဲ့ ဒဿန ပညှာင် ကာလ်း ဗွန် ကလော့စ်ဗွစ်က ခေတ်သစ် စစ်ပညာတွင် လုံးဝ အောင်မြင်မှု ရရှိရေးအချက်လိုဟာမျိုးတွေပါ။

'ပါဝါရရှိရေးအတွက် အဓိက လိုအပ်ချက်မှာ ရန်သူအားထိန်းထားနိုင်ပြီး ကိုယ့်စိတ်ဆန္ဒအတိုင်း လိုက်နာ လုပ်ဆောင်စေခြင်းဖြစ်သည်။' လို့ ဆိုထားပါတယ်။

တကယ်လို့ လူထုဆန္ဒပြပွဲတွေ လက်ရှိ အရေးတော်ပုံ ဦးဆောင်သူတွေနဲ့ သူဆွေးနွေးမယ်ဆိုရင်တောင် မြစ်ရေကြီးနေတုန်း မဆွေးနွေးဘူး၊ တဘက်က အရှိန်လျော့သွားမှ လိုသလို ပုံဖော် ဆွေးနွေးမယ်ဆိုတဲ့ အယူအဆမျိုးတောင် ရှိနေနိုင်ပါတယ်။

တကယ်တော့ တပ်က ပစ်လိုက်ရုံနဲ့ ကျွန်တော်တို့ လူထုတွေ ရှုံးသွားတာတော့မဟုတ်ပါ။ လူထုက လက်မှိုင်အရှံူးပေးမယ် ရှိရင်းစွဲ အခြေအနေအောက်မှာ စစ်ကောင်စီ အုပ်ချုပ်မှုအောက် အေးရာအေးကြောင်း ခိုဝင်လိုက်မယ်။ ဒါမှမဟုတ် ငါတို့ဘဝက အဲလို ခိုဝင်မှ လုံခြုံမယ်လို့ အများစုက ယူဆလိုက်ရင်တော့ လူထုလှုပ်ရှားမှုက ကျဆုံးသွားမှာ သေချာပေါက်ပါပဲ။

( ကိုးကား။ ။ Waging Insurgents Warfare, Seth G. Jones)

ပါ၀ါ ဥပဒေသ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly