ဆန္ဒပြပွဲ ဖြိုခွင်းမှုမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ဆန္ဒပြပွဲ ဖြိုခွင်းမှုမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
Photo: EPA

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သီတင်းပတ်တွေကြာ ဆန္ဒပြပွဲတွေမှာ သွေးထွက်သံယို သေဆုံးမှုအများအဖြစ် တနင်္ဂနွေနေ့ မြန်မာနိုင်ငံအနှံ့ ဆန္ဒပြမှုတွေကို ရဲက ပစ်ခတ်နှိမ်နှင်းမှုမှာ အနည်းဆုံး သေဆုံးသူ ၁၈ ဦးရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။

တောင်ပိုင်း ထားဝယ်မြို့မှာ အမျိုးသားသုံးဦး သေဆုံးကြောင်း ကယ်ဆယ်ရေးသမားတွေက အေအက်ဖ်ပီကို ပြောပြီး ပဲခူးမြို့မှာတော့ ဆယ်ကျော်သက်လူငယ်နှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။

ခြောက်ယောက်မြောက် သေဆုံးသူကတော့ ရန်ကုန်က ဖြစ်တယ်လို့ ဖြုတ်ချခံအစိုးရမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူက ဖေ့ဘုတ်ပို့စ်မှာ ရေးသားပါတယ်။

စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ခံ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီ ခေါင်းဆောင်ပိုင်းများစွာကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းမှာ ဆန္ဒပြဆန့်ကျင်မှုတွေ ဖြစ်ပွားပေါ်ပေါက်လျက် ရှိတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ နိုဝင်ဘာရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရတာကို မဲသမမာမှု ရှိတယ်ဆိုပြီး စွပ်စွဲရင်း စစ်တပ်က အာဏာသိမ်းခဲ့တာပဲ ဖြစ်ပါတယ်။

နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ ဦးတည်လျှောက်လှမ်းနေတာကို ရပ်တန့်ပစ်လိုက်တဲ့ အခု စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုများစွာဟာ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြကြသလို အနောက်နိုင်ငံတွေကလည်း ရှုတ်ချပြစ်တင်ထားပါတယ်။

“မြန်မာနိုင်ငံဟာ စစ်မြေပြင်အတိုင်းပဲ ဖြစ်နေပြီ”ဆိုပြီး ဗုဒ္ဓဘာသာအများစု နိုင်ငံတွင်းက ကက်သလစ်ဘုန်းတော်ကြီး ချားလ်မောင်ဘိုက တွစ်တာမှာ ရေးသားပါတယ်။

အကြီးဆုံး ရန်ကုန်မြို့က မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဟာ အသံဗုံးတွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ လူစုခွဲဖို့ လေထဲထောင်ပစ်တာတွေ ပြီးတဲ့နောက်မှာ စတင်ပစ်ခတ်တော့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကို စစ်တပ်က အင်အားဖြည့်ပေးထားတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေကို ဆန္ဒပြသူတွေကပဲ အရသယ်ထုတ်ကြတာကြောင့် ပလက်ဖောင်းတွေပေါ်မှာ သွေးစီးချောင်းတွေ ဖြစ်ကျန်ခဲ့တာကို မီဒီယာဓာတ်ပုံတွေအရ မြင်တွေ့ရပါတယ်။ ရင်ဘတ်ကို ကျည်ဆန်ထိမှန်ပြီး ဆေးရုံမှာ အမျိုးသားတစ်ဦး သေဆုံးတယ်လို့ အမည်မထုတ်ဖော်တဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ရရှိတဲ့ ယုံကြည်ရတဲ့ သတင်းတွေအရ ရဲနဲ့ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေလောက်တဲ့ အင်အားသုံးစွဲပြီး ဖြိုခွင်းတာ ဖြစ်ပါတယ်”လို့ ကုလသမဂ္ဂရုံးက ဆိုပါတယ်။

“ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူတို့မှာ လူအုပ်ထဲ ကျည်စစ်နဲ့ ပစ်တာကြောင့် သေဆုံးကြရတာပါ။ နေရာတိုင်းလိုမှာ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ မူးမေ့စေတဲ့ ဗုံးတွေနဲ့ အသံဗုံးတွေ ပစ်ပြီး ဖြိုခွင်းပါတယ်”လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ထင်မြင်ချက် ရရှိဖို့အတွက် ရဲဌာနနဲ့ စစ်ကောင်စီ ပြောခွင့်ရသူထံ ဖုန်းဆက်မေးမြန်းပေမယ့် တုံ့ပြန်ဖြေကြားခြင်း မရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly