ထိုင်း၀န်ကြီးချုပ်နေအိမ်အနီး ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ ပြီး ပဋိပက္ခဖြစ်

ထိုင်း၀န်ကြီးချုပ်နေအိမ်အနီး ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ ပြီး ပဋိပက္ခဖြစ်
Photo: EPA

မတ် ၁

ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ နေအိမ်ရှိရာ စစ်တန်းလျားတစ်ခု အပြင်ဘက်မှာ ယမန်နေ့ ဖေဖေါ်၀ါရီ ၂၈ ရက်က ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။

ဒီမိုကရေစီလိုလားတဲ့ ထိုင်းဆန္ဒပြသူတွေဟာ အောင်ပွဲအထိမ်းအမှတ် ကျောက်တိုင်ကနေ စုရုံးပြီး ထိုင်း၀န်ကြီးချုပ် နေအိမ်ရှိရာဆီ ချီတက်ခဲ့ကြတာဖြစ်ပြီး နိုင်ငံမှာ ဘုရင့်လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်မှုတွေ လုပ်ဖို့၊ နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ထုတ်ဖို့နဲ့ နိုင်ငံသားအားလုံးအတွက် ကောင်းကျိုးချမ်းသာတွေ ရဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် ထိုင်း၀န်ကြီးချုပ် နေအိမ်အနီး စုဝေးမှုမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ပြီးနောက် ရဲတွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့နဲ့ မီးသတ်ပိုက် သုံးပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

ထိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းတစ်ခုနဲ့အတူ ပြီးခဲ့တဲ့လတွေအတွင်း ၀န်ကြီးချုပ် ပရာယွတ် အစိုးရ နှုတ်ထွက်ရေး တောင်းဆိုတဲ့ လူငယ်ထု ဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုဟာ အရှိန်လျော့ကျထားခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးခင်က လူသိများတဲ့ ဆန္ဒပြခေါင်းဆောင် လေးဦးကို တော်၀င် အသရေဖျက်မှု စွဲချက်တွေနဲ့ ထိန်းသိမ်းခဲ့မှုကြောင့် ဆန္ဒပြလှုပ်ရှားမှုကို ပြန်လည် အားကောင်းလာစေခဲ့ပါတယ်။

အဲဒီ ဆန္ဒပြခေါင်းဆောင် လေးဦးအပါအ၀င် ဆန္ဒပြသမား ၅၈ ဦးဟာ lese majeste လို့ ခေါ်တဲ့ ဥပဒေစွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ဘုရင်ကို စော်ကားတယ်ဆိုပြီး ပြစ်ဒဏ်စီရင်ခံရမယ်ဆိုရင် စွဲချက်တစ်ခုကို ထောင် ၁၅ နှစ်အထိ ကျခံရမယ့် အလားအလာ ရှိနေပါတယ်။

ယမန်နေ့ကတော့ ခန့်မှန်းခြေအားဖြင့် ဆန္ဒပြသူအင်အား ၂,၀၀၀ လောက်ဟာ ဘန်ကောက်မြို့ အဓိကလမ်းဆုံတစ်ခုရဲ့ အောင်ပွဲအထိမ်းအမှတ် ကျောက်တိုင်ကနေတဆင့် ပရာယွတ် နေထိုင်ရာ စစ်တန်းလျားတစ်ခုအနီးကို ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေထဲမှာ ဖေဖေါ်၀ါရီ ၁ ရက် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တာ၀န်မှ ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်စုရုံးဆန္ဒထုတ်ဖော်တဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေလည်း ပါ၀င်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းဆန္ဒပြသူတစ်ချို့ကတော့ ဦးထုပ် အမာစားတွေ ဆောင်းထားပြီး အလံနီတွေ ကိုင်ဆောင်ထားခဲ့ကြပါတယ်။

ယင်းနောက် ရာပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ကုန်သေတ္တာတွေ၊ သံဆူးကြိုး အရံအတားတွေ တွန်းရွှေ့လုပ်ဆောင်ခဲ့ကြပြီးနောက်မှာ စစ်တန်းလျား ၀င်ပေါက်မှာ စောင့်ကြပ်နေတဲ့ အဓိကရုဏ်းရဲတွေနဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပါတယ်။

ယင်းနောက် ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေအကြား ပဋိပက္ခတွေ ဖြစ်ပြီး ဆန္ဒပြသူတစ်ချို့ဟာ ရဲကားတစ်စီးကို တွန်းနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

“သူတို့က အရာအားလုံးနဲ့ ပြင်ဆင်နေတာပါ၊ ဒိုင်းအကာတွေ၊ နံပါတ်တုတ်တွေ၊ ဓာတုဆေးပါတဲ့ အရည်တွေ၊ ရာဘာကျည်တွေနဲ့ပေါ့” ဟု ဆန္ဒပြနေရာကို ရောက်ရှိနေခဲ့တဲ့ ဆန္ဒပြသူတစ်ဦးက ထိုင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

အဲဒီနောက် အခြေအနေတွေ တင်းမာခဲ့ပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် လုံခြုံရေးရဲတွေဘက်က မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တို့ကို အသုံးပြုခဲ့ပါတယ်။

ယမန်နေ့က အဆိုပါ ဖြစ်စဥ်ကတော့ လအနည်းငယ်အတွင်း ဘန်ကောက် စုဝေးဆန္ဒထုတ်ဖော်ပွဲတစ်ခုမှာ လုံခြုံရေးရဲတွေဘက်က လူသေစေလောက်တဲ့ အင်အားသုံးမှုအဆင့် မဟုတ်ပေမယ့် ပထမဆုံးအကြိမ် အင်အားသုံးပြီး ဆန္ဒပြလူအုပ်ကို လူစုခွဲခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly