ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုအတွက် မြန်မာတာ၀န်ရှိသူများကို နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန်ပြင်ဆင်

ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုအတွက် မြန်မာတာ၀န်ရှိသူများကို နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန်ပြင်ဆင်
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန် (Photo: EPA)

မတ် ၁

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်းအတွက် သက်ဆိုင်ရာ တာ၀န်ရှိသူများအပေါ် အရေးယူမှုအသစ်များ လုပ်ဆောင်ရန် အမေရိကန်နိုင်ငံဘက်က ပြင်ဆင်နေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က ဖေဖေါ်၀ါရီ ၂၈ ရက်တွင် ပြောသည်။

“အကြမ်းဖက်ဖြိုခွင်းမှုတွေအတွက် တာ၀န်ရှိသူတွေ ပြန်တာ၀န်ယူရစေဖို့နဲ့ မြန်မာပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို ထပ်လောင်းပေးအပ်ဖို့အတွက် အင်ဒို-ပစိဖိတ် ဒေသနဲ့ ကမ္ဘာတစ်၀န်းက မဟာမိတ်တွေ၊ ပါတနာတွေနဲ့ ကျွန်တော်တို့ နီးနီးကပ်ကပ် ဆက်ပြီး ညှိနှိုင်းလုပ်ဆောင်သွားပါမယ်၊ ကျွန်တော်တို့ဟာ ခုဆိုရင် မြန်မာ စစ်အာဏာသိမ်းမှုနဲ့ ခုနောက်ဆုံး ဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဥ်တွေအတွက် တာ၀န်ရှိသူတွေအပေါ် နောက်ထပ် အရေးယူမှုတွေ ချမှတ်သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ဆူလီဗန်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကုလလူ့အခွင့်အရေးရုံးက ပြောသည်။

တနင်္ဂနွေနေ့က မြန်မာနိုင်ငံတွင် ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်ကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“မြန်မာပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေဘက်က အကြမ်းဖက်ဖြိုခွင်းတဲ့အပေါ် ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်၊ တာ၀န်ရှိသူတွေ ပြန်တာ၀န်ခံရစေဖို့ ကျွန်တော်တို့ ဆက်လုပ်သွားပါမယ်၊ ရဲရင့်တဲ့ မြန်မာပြည်သူတွေနဲ့အတူ ကျွန်တော်တို့ အခိုင်အမာ ရပ်တည်ပါတယ်၊ သူတို့ရဲ့ ဆန္ဒတွေကို ထောက်ခံကြောင်း အသံတစ်သံတည်းထွက်ဖို့ နိုင်ငံအားလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ဘလင့်ကန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly