‘မြေခွေးစစ်သည်’ စတိုင် သံတမန်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက လက်စားချေနေခြင်းမဟုတ်၊ တိုင်းပြည်ကို အားသစ်လောင်းနေခြင်းသာဖြစ်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောကြား

‘မြေခွေးစစ်သည်’ စတိုင် သံတမန်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက လက်စားချေနေခြင်းမဟုတ်၊ တိုင်းပြည်ကို အားသစ်လောင်းနေခြင်းသာဖြစ်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောကြား
ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူရှေး (Photo: EPA)

 တရုတ်နိုင်ငံသည် လက်စားချေနေခြင်းမဟုတ်ဘဲ၊ နိုင်ငံကို အကြီးအကျယ် အားသစ်လောင်းရန် ကြိုးပမ်းနေခြင်းသာဖြစ်သည်ဟု ပြင်သစ်နိုင်ငံပိုင် အမျိုးသားရုပ်သံလိုင်း France 2 နှင့် လွန်ခဲ့သော ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုအတွင်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူရှေးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ မြေခွေးစတိုင်ဟု အမည်ပေးထားသည့် သံခင်းတမန်ခင်း နည်းလမ်းအကြောင်း မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အင်တာဗျူးပြုလုပ်စဉ်အတွင်း ၎င်းသည် “မြေခွေးစစ်သည်တော်” တစ်ဦး ဟုတ်၊မဟုတ် မေးမြန်းရာတွင် “ကျွန်တော်က တရုတ်သံတမန်တစ်ဦးပါ”ဟု လူက ပြန်လည်ဖြေကြားခဲ့သည်။

မာန်ပါ၍ တိုက်ခိုက်ရန် အသင့်ရှိနေသော သံတမန်နည်းလမ်းတစ်ခုနှင့် ပိုတူသည်ဟု ယုံကြည်ထားသည့် မြေခွေးစစ်သည် သံခင်းတမန်ခင်းနည်းလမ်းအား တရုတ်နိုင်ငံက သတ်မှတ်ထားခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံအား အခြားနိုင်ငံများက ကပ်ထားသော တံဆိပ်တစ်ခုသာဖြစ်သည်ဟု လူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ သံတမန်နည်းလမ်းအား အခြေနေ၊ အချိန်အခါနှင့်အညီ ချိန်ကိုက်ကျင့်သုံးလေ့ရှိသည်ဟုလည်း လူက ပြောကြားခဲ့သည်။ လွန်ခဲ့သော အတိတ်ကာလအတွင်း၌ ၎င်းအပေါ် အနောက်နိုင်ငံများ၏ တိုက်ခိုက်မှုအား တရုတ်နိုင်ငံက ပြန်လည်တုံ့ပြန်မှု မရှိသောကြောင့် တရုတ်နိုင်ငံက လက်ရှိအသုံးပြုနေသော သံတမန်နည်းလမ်းအား အနောက်နိုင်ငံများက လိုက်လျောညီထွေ လက်ခံနိုင်ခြင်းမရှိခဲ့ပေ။ အခြေအနေနှင့် အချိန်အခါများ ပြောင်းလဲသွားပြီဖြစ်သော်လည်း အခြားနိုင်ငံများ၊ အထူးသဖြင့် အနောက်တိုင်းသားများမှ တိုက်ခိုက်နေမှုများအား တရုတ်နိုင်ငံက တုံ့ပြန်ခြင်းသာဖြစ်သည်ဟုလည်း ၎င်းက အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။

အချို့အခြေအနေများတွင် ရန်လိုခံရခြင်းများအတွက် တရုတ်နိုင်ငံက လက်စားခြေနေခြင်း ဟုတ်၊ မဟုတ် မေးမြန်းရာတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း သမိုင်းကြောင်းအရ ဆုတ်ယုတ်သွားခြင်းနှင့် အနောက်နိုင်ငံများ၏ ဖျက်ဆီးမှုများကို ကြုံတွေ့ရပြီးနောက် လက်စားချေခြင်းအစား တရုတ်နိုင်ငံကို အင်တိုက်အားတိုက် အားသစ်လောင်းရန် ကြိုးပမ်းနေခြင်းသာဖြစ်သည်ဟုလည်း ပြောကြားသွားခဲ့သည်။

“တရုတ်နိုင်ငံက ကမ္ဘာကြီးကို အုပ်စိုးလိုတဲ့ အချိန်ရယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ တရုတ်နိုင်ငံကလည်း ကမ္ဘာနဲ့အတူ ဖွံ့ဖြိုးတိုးတက်ချင်ရုံ သက်သက်ပါဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပါရစေ။” ဟုလည်း လူက ထပ်လောင်းပြောကြားခဲ့သည်။ 

၎င်းအင်တာဗျူးအတွင်း တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်မှု၊ Huawei၊ Xinjiang နှင့် လူ့အခွင့်အရေးကိစ္စများကဲ့သို့သော အကြောင်းအရာများကိုလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly