ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှု ကမ်ပိန်း စတင်လုပ်ဆောင်

ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှု ကမ်ပိန်း စတင်လုပ်ဆောင်
Photo: EPA

ဖေဖေါ်၀ါရီ ၂၈

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှု ကမ်ပိန်းကို ဖေဖေါ်၀ါရီ ၂၈ ရက် (တနင်္ဂနွေ) မှာ စတင်လုပ်ဆောင်ပြီ ဖြစ်ပြီး ၀န်ကြီးတွေ၊ ကျန်းမာရေးအရာရှိတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဟာ ကာကွယ်‌ဆေး ပထမဆုံးထိုးနှံခံမယ့်သူတွေထဲမှာ ပါ၀င်နေခဲ့ပါတယ်။

ဘန်ကောက်မြို့စွန်က ကူးစက်ရောဂါ ထိန်းချုပ်ရေး အင်စတီကျူ့တစ်ခုမှာ လုပ်ဆောင်တဲ့ ကာကွယ်ဆေးထိုးနှံမှုမှာ တရုတ်ရဲ့ Sinovac Biotech ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆုံးထိုးနှံခံသူတွေထဲမှာ ထိုင်းဒု၀န်ကြီးချုပ်လည်းဖြစ်သလို ကျန်းမာရေး၀န်ကြီးလည်းဖြစ်တဲ့ အနုတင် ချန်၀ီရာကူလည်း ပါ၀င်ထိုးနှံခံခဲ့ပါတယ်။

“ကာကွယ်‌ဆေးထိုးမှုကနေတဆင့် ပြည်သူတွေ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုကနေ ဘေးကင်းလုံခြုံမှု ရကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ပြီးတော့ ဒါက ထိုင်းနိုင်ငံကို ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိစေဖို့ တွန်းအားပေးလိမ့်မယ်လို့ ထင်ပါတယ်” ထိုင်းကျန်းမာရေး၀န်ကြီးက သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု အခမ်းအနားကို ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာလည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ အသက်အရွယ်ဟာ Sinovac ရဲ့ CoronaVac ကာကွယ်‌ဆေးကို ထိုးနှံခံယူဖို့အတွက် သင့်တော်တဲ့ အသက် ၁၈ နှစ်နဲ့ ၅၉ နှစ်ကြား အသက်အပိုင်းအခြား အုပ်စုရဲ့ ပြင်ပမှာ ရောက်နေတဲ့အတွက် ယခု ထိုးနှံမှုမှာ ပါ၀င်ထိုးနှံမခံယူခဲ့ဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံကတော့ တရုတ်နိုင်ငံကနေ Sinovac ကာကွယ်ဆေး အလုံးရေ နှစ်သိန်းကို ပထမအသုတ်အဖြစ် လက်ခံရရှိထားပြီး AstraZeneca ကာကွယ်ဆေး အလုံးရေ ၁၁၇,၀၀၀ ကိုလည်း ယခုအပတ်ထဲမှာ လက်ခံရရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly