စစ်ကောင်စီက ထုတ်ပယ်သော်လည်း ဆက်လက်တိုက်ပွဲ၀င်သွားမည်ဟု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော

စစ်ကောင်စီက ထုတ်ပယ်သော်လည်း ဆက်လက်တိုက်ပွဲ၀င်သွားမည်ဟု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော

ဖေဖေါ်၀ါရီ ၂၈

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်းအနေဖြင့် ဆက်လက်တိုက်ပွဲ၀င်သွားရန် သိန္နိဋ္ဌာန်ချထားသည်ဟု သိရသည်။

ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ပြောင်းပြန်ပြန်ဖြစ်စေရန်အတွက် “လိုအပ်သည့် နည်းလမ်းပေါင်းစုံ” အသုံးပြုရန် နိုင်ငံများကို တိုက်တွန်းခဲ့ခြင်းအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထုတ်ပယ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်လုပ်နိုင်သမျှ ပြန်တိုက်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဦးကျော်မိုးထွန်းက စနေနေ့တွင် ရိုက်တာကို ပြောခဲ့သည်။

နိုင်ငံကို သစ္စာဖောက်မှုအတွက် ဦးကျော်မိုးထွန်းကို ထုတ်ပယ်လိုက်သည် ဆိုသည့် သတင်းကို စနေနေ့က နိုင်ငံပိုင် တယ်လီဗေးရှင်းက ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကုလသမဂ္ဂအနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို မြန်မာ အစိုးရသစ်အဖြစ် တရား၀င် အသိအမှတ်မပြုသလို အမြဲတမ်းကိုယ်စားလှယ်အပြောင်းအလဲအတွက် တရား၀င် အကြောင်းကြားချက် လက်ခံရရှိမထားဘူးဟု အမည် မဖော်လိုသူ ကုလ အရာရှိတစ်ဦးက ပြောသည်။ ယင်းအတွက်ကြောင့် လက်ရှိအချိန်တွင် ဦးကျော်မိုးထွန်းသည် ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်ရှိနေမည် ဖြစ်သည်ဟု သိရသည်။

“နယူး‌ယော့ခ်မြို့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုအတွက် အပြောင်းအလဲနဲ့ပတ်သက်လို့ ဘာဆက်သွယ်မှုကိုမှ ကျွန်တော်တို့ လက်ခံမရရှိထားပါဘူး” ဟု ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ပြောခဲ့သည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုကို မည်သည့်နိုင်ငံကမှ အသိအမှတ်မပြုသင့် ဒါမှမဟုတ် တရား၀င်မဖြစ်စေသင့်ဘူးဆိုပြီး ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ မြန်မာဆိုင်ရာ အထူးသံတမန် ခရစ်စတင်း ရှာရန်နာ ဘာဂျီနာက သောကြာနေ့တွင် အဖွဲ့၀င် ၁၉၃ နိုင်ငံပါ ကုလ အထွေထွေညီလာခံကို သတိပေးသွားခဲ့သည်။

အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ကုလသံတမန်သစ်တစ်ဦး ခန့်အပ်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု ရရေး ကြိုးပမ်းမည်ဆိုပါက ယင်းသည် ကမ္ဘာ့အဖွဲ့အစည်းတွင် ထိပ်တိုက်ယှဥ်ပြိုင်မှုတစ်ခုကို အစပျိုးစေနိုင်ပြီး ကုလ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်မှုတစ်ခုနှင့် ဆုံးဖြတ်ရနိုင်သည်ဟု သိရသည်။

ကုလသမဂ္ဂသည် ယခင်ကာလက ကမ္ဘာ့အဖွဲ့အစည်းတွင် ကိုယ်စားပြုမှုအတွက် အပြိုင်အဆိုင် တောင်းဆိုမှုများကို ကိုင်တွယ်ပေးထားခဲ့ရသည်။

၂၀၁၁ စက်တင်ဘာလက အထွေထွေညီလာခံသည် လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရ၏ သံတမန်များကို အသိအမှတ်ပြုလက်ခံရေးအတွက် လစ်ဗျား၏ ပန်ကြားချက်တစ်ရပ်ကို အတည်ပြုပေးခဲ့သည်။ ယင်းသည် အမေရိကန်၊ ရုရှား၊ တရုတ်နှင့် ဥရောပနိုင်ငံများက လစ်ဗျား အစိုးရအာဏာပိုင်အသစ်ကို အားလုံး အသိအမှတ်ပြုပြီးနောက် ထိုလုပ်ဆောင်ချက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဦးကျော်မိုးထွန်းသည် ပြီးခဲ့သည့် သောကြာနေ့က ကုလသမဂ္ဂတွင် ပြောကြားခဲ့ရာတွင် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် ကိုယ်စားပြု ပြောဆိုခြင်း ဖြစ်ကြောင်းနှင့် “ မြန်မာနိုင်ငံတွင် တရားမ၀င်ဘဲ၊ ဖွဲ့စည်းပုံဥပဒေနှင့်လည်း မညီသည့် စစ်တပ်အာဏာသိမ်းမှု” ကို ပယ်ဖျက်ရန် နိုင်ငံတကာအကူအညီ တောင်းခံခဲ့သည်။ နိုင်ငံတစ်နိုင်ငံတွင် အာဏာရယူထားသူများနှင့် ဆန့်ကျင်လျက်ဖြင့် ယင်းကဲ့သို့သော မိန့်ခွန်းပြောဆိုမှုမျိုးက ကြုံတောင့်ကြုံခဲလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုအတွင်း ထုတ်ခံခဲ့ရသည့် ရွေးကောက်ခံ အမတ်များက ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ယင်းသည် “မြန်မာနိုင်ငံ၏ တရား၀င်ဖြစ်ပြီး မှန်မှန်ကန်ကန် ရွေးကောက်ခံထားရသည့် အစိုးရဖြစ်ကာ ယင်းကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုရပါလိမ့်မည်” ဟု ဦးကျော်မိုးထွန်းက ပြောခဲ့သည်။

“မြန်မာ စစ်အာဏာသိမ်းမှု အရေးနိမ့်စေရန်” နိုင်ငံတကာ ဖိအားများ ဖြန့်ကျက်လုပ်ဆောင်သွားမည်ဟု ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း ကတိပြုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required