အမေရိကန်စီးပွားရေးကို ကျော်တက်ရန် လမ်းပြမြေပုံ တရုတ်ပါလီမန် ပြင်ဆင်

အမေရိကန်စီးပွားရေးကို ကျော်တက်ရန် လမ်းပြမြေပုံ တရုတ်ပါလီမန် ပြင်ဆင်
Photo: EPA

တရုတ်နိုင်ငံသည် မတ်လ ၅ ရက်နေ့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အရေးအကြီးဆုံး အမျိုးသားပြည်သူ့ကွန်ဂရက်တွင် ၁၅ နှစ်သက်တမ်းရှည်ကြာမည့် စီမံကိန်းကို အတည်ပြုလိမ့်မည် ဖြစ်သည်။

လမ်းပြမြေပုံအရ ၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုကို အစားထိုးရန် တရုတ်ကိုယ်တိုင်က ရှု့မြင်ထားသည်။

တရုတ်ပါလီမန် (NPC) သည် ကွန်မြူနစ်ပါတီအား ဝေဖန်မှုများကို ချေမှုန်းရန်နှင့် ဟောင်ကောင်အတွက် အဓိကကျသော ဖွဲ့စည်းပုံပြင်ဆင်မှုများအား တရုတ်၏ထိန်းချုပ်မှုအောက်တွင် ခိုင်မြဲစွာ ချုပ်ကိုင်နိုင်ရေးအတွက် ချိန်ထိုးလေ့လာလိမ့်မည်။

NPC နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံရေးအကြံပေးအဖွဲ့တို့၏ နှစ်ပတ်ကြာ အစည်းအဝေးသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး တစ်လအကြာခန့်တွင် ကျင်းပသည်။ အမေရိကန်အစိုးရသစ်သည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုပြုလုပ်ရန်အတွက် မဟာမိတ်များ၊ မိတ်ဖက်များနှင့် ညီညွတ်သောတပ်ပေါင်းစုဖွဲ့ရန် ရည်ရွယ်နေသည့်အတွက် NPC သည် နောင်လာမည့် ငါးနှစ်နှင့် နောက်ပိုင်းကာလများအတွက် ပေကျင်း၏မူဝါဒများ၏ ပြယုဂ်တစ်ခုအနေဖြင့် စေ့စေ့စပ်စပ် ဆန်းစစ်ခံရလိမ့်မည်ဖြစ်သည်။

သောကြာနေ့ကကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုသည် ၂၀၂၅ ခုနှစ်ထိ အကျုံးဝင်မည့်တရုတ်နိုင်ငံ၏ နောက်ငါးနှစ်စီမံကိန်း၊ ၂၀၃၅ ခုနှစ်ထိချမှတ်ထားသည့် ရေရှည်ရည်မှန်းချက်များနှင့် ကွန်ဂရက်တွင် ထုတ်ပြန်မည့်အစိုးရ၏နှစ်ပတ်လည်အစီရင်ခံစာတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

ငါးနှစ်တာစီမံကိန်းသစ်၏ရည်မှန်းချက်များထဲတွင်သန်း ၄၀ဝ ရှိပြီးဖြစ်သော လူလတ်တန်းစားများကို များပြားလာစေရန်နှင့် ဝင်ငွေမြင့်မားသော တိုင်းပြည်ဖြစ်လာရန်တို့ ပါဝင်သည်။

စီးပွားရေးကို ပြည်ပဝယ်လိုအားအပေါ် အမှီပြုနေခြင်းအား လျော့ချရန်နှင့် ပြည်တွင်းထုတ်လုပ်သုံးစွဲမများကို အားပေးမည်ဖြစ်သည်။ ကြီးထွားလာနေသော တရုတ် အမေရိကန်စီးပွားရေးနှင့် နည်းပညာပြိုင်ဆိုင်မှုများတွင် အမေရိကန်က မိတ်ဖက်နိုင်ငံများကို စာရင်းသွင်းနေခြင်းကို တုန့်ပြန်ချက်တစ်ခုအနေဖြင့် ယင်း၏ နည်းပညာစွမ်းရည်ကို အသုံးပြု၍ ပြင်ပစီးပွားရေးပိတ်ဆို့မှုများမှ ကင်းလွတ်သည့် ကုန်သွယ်ရေးလုပ်ငန်းများလည်း တရုတ်က တည်ဆောက်ချင်နေသည်။

သို့သော် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ စိုးရိမ်ပူပန်မှုများသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထက်သာလွန်နေပြီး၊ ဟောင်ကောင်အား တင်းကျပ်စွာထိန်းချုပ်ရန်အတွက် ကွန်ဂရက်က ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်သွားနိုင်သည်ဟူသော ထင်မြင်ယူဆမှုများလည်း မြင့်တက်လာနေသည်။

ပြီးခဲ့သည့်နှစ်ပါတီညီလာခံတွင် တရုတ်နိုင်ငံသည် ခွဲထွက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် နိုင်ငံတော်သစ္စာဖောက်ခြင်းများအတွက် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် ဟောင်ကောင်အပေါ် ကျယ်ပြန့်သော အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေကို ပြဌာန်းရန်ဆုံးဖြတ်ခဲ့သည်။ ယခုတစ်ခေါက်တွင်လည်း ဟောင်ကောင် ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး ကွန်မြူနစ်ပါတီအား ဝေဖန်မှုများ လုံးလုံးလျားလျား ရပ်တန့်သွားစေရန် ရည်ရွယ်ထားသည်။

အသေးစိတ်ကို နောင်ကျင်းပမည့် အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်နိုင်သည်။ သို့သော် အန္တိမရည်မှန်းချက်မှာ ဟောင်ကောင်ရှိအစိုးရအရာရှိများနှင့် ရွေးကောက်ခံကိုယ်စားလှယ်လောင်းများအားလုံးသည် ပေကျင်းရှိ ဗဟိုအစိုးရအပေါ် သစ္စာရှိစေရေး ဖြစ်သည်။

ပြည်မကြီးမှ ကျွမ်းကျင်ပညာရှင်များက အပြောင်းအလဲများသည် ဟောင်ကောင်၌ စက်တင်ဘာလတွင် ကျင်းပမည့် ဥပဒေပြုရွေးကောက်ပွဲများနှင့် ၂၀၂၂ ခုနှစ် အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲအပါအဝင် ဟောင်ကောင်ရှိ မဲများအားလုံးအပေါ်တွင် အကျိုးသက်ရောက်နိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly