Xinjiang ဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံအား ဒတ်ချ်ပါလီမန်က စွဲချက်တင်ခြင်းသည် ယခုသတင်းပတ်အတွင်း ဒုတိယမြောက်ဖြစ်လာ

Xinjiang ဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံအား ဒတ်ချ်ပါလီမန်က စွဲချက်တင်ခြင်းသည် ယခုသတင်းပတ်အတွင်း ဒုတိယမြောက်ဖြစ်လာ

တရုတ်နိုင်ငံအတွင်းရှိ လူနည်းစု ဝီဂါမွတ်စလင်များအပေါ်ဆက်ဆံမှုသည် လူမျိုးတုံးသတ်ဖြတ်မှုသဘောဆောင်ကြောင်း ဒတ်ချ်ပါလီမန်က နှောင်ကြိုးမဲ့အဆိုပြုချက်တစ်ခုကို ကြာသပတေးနေ့တွင် အတည်ပြုပြောကြားလိုက်ပြီး၊ ယင်းအဆိုပြုချက်သည် ဥရောပနိုင်ငံတစ်ခုအနေဖြင့် ပထမဆုံးဖြစ်သည်။

လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများ ၏အဆိုအရ Xinjiang ပြည်နယ်အနောက်ပိုင်းရှိ ဝေးလံခေါင်ဖျားသောဒုက္ခသည်စခန်းများတွင် အနည်းဆုံး မွတ်စလင်တစ်သန်းသည် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ တရုတ်နိုင်ငံသည် ညှင်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်းနှင့် သားကြောဖြတ်ခြင်းများကို လုပ်ဆောင်နေကြောင်း စွပ်စွဲထားသည်။

Xinjiang ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိကြောင်း ၊ ယင်းဒေသရှိ ဒုက္ခသည်စခန်းများတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများပေးနေကြောင်း၊ ယင်းစခန်းများတွင် အစွန်းရောက်ဝါဒ ကိုတိုက်ဖျက်ဖို့လိုအပ်ကြောင်း တရုတ်က ဆိုသည်။

"ဝီဂါလူနည်းစုတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ တရုတ်မှာဖြစ်ပျက်နေပါတယ်" ဟု ဒတ်ချ်အဆိုပြုချက်တွင် ပြောကြားထားပေမယ့်၊ တရုတ်အစိုးရတွင် တာဝန်ရှိသည်ဟူ၍တော့ တိုက်ရိုက်မပြောကြားထားပေ။

သည်ဟိဂ်မြို့ရှိ တရုတ်သံရုံးကတော့ Xinjiang ဒေသတွင်ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်သမျှအဆိုပြုချက်များသည် လုံးဝမမှန်ကန်ကြောင်း၊ ဒတ်ချ်ပါလီမန်သည် တရုတ်ကို တမင်တကာသွားပုပ်လေလွင့် ပြောကြားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို အကြီးအကျယ်ဝင်ရောက်စွက်ဖက်လိုက်ခြင်းဖြစ်ကြောင်းကို ကြာသပတေးနေ့က ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း ဝီဂါများကို တရုတ်က လူမျိုးတုံးသတ်ဖြတ်ကျူးလွန်ခြင်းဟု နာမည်ပေးထားသည့် နှောင်ကြိုးမဲ့အဆိုပြုချက်တစ်ခုကို ကနေဒါနိုင်ငံက အတည်ပြုခဲ့သည်။

တရုတ်အစိုးရ၏ “ ကလေးမွေးဖွားနှုန်းထိန်းချုပ်နိုင်ရန်လုပ်ကိုင်ဆောက်ရွက်မှုများ” နှင့်“ အပြစ်ပေးစခန်းများရှိခြင်း” သည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေသဟု လူသိများသော ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ်၂၆၀ အောက်တွင်အကျုံးဝင်သည်ဟု ဒတ်ချ်အဆိုပြုချက်က ဖော်ပြထားသည်။

ဝန်ကြီးချုပ် Mark Rutte ၏ ကွန်ဆာဗေးတစ် VVD ပါတီက ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly