အာဆီယံ၊ ကနေဒါနှင့် ကုလသမဂ္ဂအမျိုးသမီးများ ပူးပေါင်း၍ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်များကို တိုးမြှင့်နိုင်ရန် ၅ နှစ်တာအစီအစဉ်

By Philippine Information Agency
28 February 2021
အာဆီယံ၊ ကနေဒါနှင့် ကုလသမဂ္ဂအမျိုးသမီးများ ပူးပေါင်း၍ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်များကို တိုးမြှင့်နိုင်ရန် ၅ နှစ်တာအစီအစဉ်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊ ကနေဒါနှင့် ကုလသမဂ္ဂအမျိုးသမီးများ အစည်းအရုံးတို့ ပူးပေါင်း၍ အရှေ့တောင်အာရှတွင် အမျိုးသမီးများ၏ခေါင်းဆောင်မှုကို ချဲ့ထွင်ရန်၊ အင်အားဖြည့်ရန်နှင့် ပဋိပက္ခတားဆီးကာကွယ်ရေး၊ ကိုင်တွယ်ဖြေရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး တို့တွင် အမျိုးသမီးများပါဝင်နိုင်ရေးအတွက် ၅ နှစ်တာအစီအစဉ်ကို စတင်ခဲ့သည်။

ကနေဒါဒေါ်လာ ၈.၅ သန်း (အမေရိကန်ဒေါ်လာ ၆.၃၆ သန်း) တန်ဖိုးရှိ “ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ပေးခြင်း - အကြမ်းဖက်မှုကို ကာကွယ်ခြင်းနှင့် အာဆီယံအတွင်း လူမှုပေါင်းစည်းမှုကိုမြှင့်တင်ခြင်း” အစီအစဉ်ကို အာဆီယံအား ကူညီရန်နှင့် ၂၀၂၁ - ၂၀၂၅ ခုနှစ် အာဆီယံ - ကနေဒါလုပ်ငန်းဆောင်ရွက်မှုအစီအစဉ် အကောင်အထည်ဖော်ရန်အတွက် Global Affairs Canada ၏ ငွေကြေးထောက်ပံ့မှု၊ UN Women ၏ပံ့ပိုးမှုနှင့်အတူ ဆောင်ရွက်ခြင်းဖြစ်သည်။

အာဆီယံဆိုင်ရာ ကနေဒါသံအမတ် Diedrah Kelly က“ ကနေဒါနိုင်ငံအနေဖြင့် ၊ (ကျားမတန်းတူညီမျှမှုမရှိခြင်းကို ရင်ဆိုင်နေရစဉ်တွင်) ခုလို ဒေသတွင်း အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တိုးမြှင့်ရန်အတွက် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုတွေကို အသုံးပြုပြီး ဒီထင်ရှားတဲ့ အစီအစဉ်ကို စတင်အကောင်အထည်ဖော်ရလို့ ဂုဏ်ယူပါတယ်” ဟုပြောကြားခဲ့သည်။

အာဆီယံသည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်များကို တိုးမြှင့်နိုင်ရန်အတွက် အရေးကြီးသည့်ဆောင်ရွက်ချက်များအား ပြုလုပ်ပါသည်။ ယင်းဆောင်ရွက်ချက်များတွင် ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ် 'အာဆီယံအတွင်း အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုမြှင့်တင်ရေးပူးတွဲကြေငြာချက်' ထုတ်ပြန်ခြင်း၊ ၂၀၁၈ ခုနှစ်တွင် အမျိုးသမီးများ ငြိမ်းချမ်းရေး မှတ်ပုံတင်ခြင်းအား ဆောင်ရွက်ခြင်း၊ ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပထမဆုံး အာဆီယံစာတမ်းဖတ်ပွဲနှင့် ၂၀၂၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အာဆီယံဝန်ကြီးဌာန ဆွေးနွေးပွဲများလည်း အပါအဝင်ဖြစ်သည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dato Lim Jock Hoi မှ ပြောကြားရာတွင် “အာဆီယံ အဖွဲ့အစည်း၏ ကဏ္ဍသုံးခုအရ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအခန်းကဏ္ဍတိုးတက်လာစေရန် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်ကို အကောင်အထည်ဖော်ပြီး ကျား၊ မ တန်းတူညီတူရှိမှုနှင့် အမျိုးသမီးများ အခန်းကဏ္ဍတိုးမြှင့်ရန်အတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ် အစိတ်အပိုင်းတစ်ခုအနေဖြင့် အာဆီယံနိုင်ငံတွေက စုပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောကြားခဲ့သည်။

COVID-19 ၏ သက်ရောက်မှုသည် အကြမ်းမခံပျက်ဆီးလွယ်သော ပဋိပက္ခဖြစ်ပွားသည့် အခြေအနေများတွင် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် အန္တရာယ်ပိုရှိလာသည်။ ၎င်းသည် လူသားမျိုးနွယ်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများကို ပြန်လည်ဆန်းစစ်ရန် ကျွန်ုပ်တို့ကို စိန်ခေါ်နေသည်။ “ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကြား အရေးကြီးတဲ့ချိတ်ဆက်မှုတွေနဲ့ ထိရောက်ပြီး ပြီးပြည့်စုံတဲ့ တုံ့ပြန်နိုင်မှုကို သေချာစေရန် အမျိုးသမီးများ ခေါင်းဆောင်မှုနှင့် ပါဝင်လာမှုသည်အရေးပါသော လိုအပ်ချက်ဖြစ်ကြောင်းကိုလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေသော ရောဂါ (COVID-19)က မီးမောင်းထိုးပြနေပါတယ်” ဟု ကုလသမဂ္ဂအမျိုးသမီးကိုယ်စားလှယ်နှင့် အာဆီယံနှင့်ဆက်ဆံရေး ကိုယ်စားလှယ် Jamshed Kazi က ပြောဆိုခဲ့ပါသည်။

အစီအစဉ်သစ်သည် ကျား၊ မတန်းတူညီမျှမှုကို မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဦးဆောင်နိုင်ရန် အမျိုးသမီးများ စွမ်းရည်ထက်မြက်စေရန်အတွက် ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုမှုများကို တုံ့ပြန်ရန် အာဆီယံနှင့် ကနေဒါ၏ ကတိကဝတ်ကို ထင်ဟပ်စေသည်။

အာဆီယံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required