အစိုးရကို ဝေဖန်တဲ့ စာရေးဆရာ ထောင်တွင်းသေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြ

 အစိုးရကို ဝေဖန်တဲ့ စာရေးဆရာ ထောင်တွင်းသေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြ
Photo: EPA

ဖေဖော်ဝါရီ ၂၇ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရကိုဝေဖန်တဲ့စာရေးဆရာတစ်ဦး ထောင်ထဲမှာ  သေဆုံးသွားခဲ့တဲ့အတွက် သောကြာနေ့မှာ လူ့အခွင့်အရေးအဖွဲ့တွေက လမ်းမထွက်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

သဘောထားကွဲလွဲမှုတွေကို နှိပ်ကွပ်ဖို့ အသုံးပြုတယ်လို့ ဝေဖန်သူတွက ပြောကြတဲ့ အင်တာနက်ဥပဒေတွေအရ မူရှ်တာအာမက်ဟာ အဖမ်းခံရတာဖြစ်ပြီး လပေါင်းများစွာအကြာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

မူရှ်တာအာမက်ဟာ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလက ထိန်းသိမ်းခံရသူ လေးဦးမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အစိုးရကိုဝေဖန်သူအဖြစ် လူသိများလာတဲ့ အသက် ၅၃ နှစ်အရွယ် မိကျောင်းမွေးမြူရေးသမား မူရှ်တာအာမက်ဟာ ဖေ့စ်ဘွတ်ခ်မှာ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်မှုနဲ့ ကောလာဟလဖြန့်ဝေမှုဆိုတဲ့ စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။ 

အာမက်ဟာ မြို့တော် ဒါကာရဲ့ပြင်ပက လုံခြုံရေးတင်းကျပ်တဲ့ထောင်မှာ သတိလစ်သွားပြီးနောက် ကြာသပတေးနေ့ညနေပိုင်းက သေဆုံးခဲ့တာဖြစ်တယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက AFP ကို ပြောပါတယ်။

အာမက်ဟာ ကြီးကြီးမားမား နာမကျန်းဖြစ်မှုတွေ ခံစားရတာမရှိပါဘူး။ သူက အစာအိမ်ရောဂါပျောက်ဆေး သောက်နေတာပဲတွေ့ပါတယ်" ဟု အကျဉ်းထောင်အကြီးအကဲ မိုဟာမက်ဂျီအာဆူဒင်က ပြောပါတယ်။

သောကြာနေ့မှာတော့ ဒါကာမြို့မှာ လူရာပေါင်းများစွာဟာ အာမက်ရဲ့သေဆုံးမှုအတွက် လမ်းမထွက်ဆန္ဒပြခဲ့ကြပါတယ်။ သူ့ရဲ့ရှေ့နေကလည်း လွတ်လပ်စွာစုံစမ်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

"နိုင်ငံရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးအက်ဥပဒေအရ အာမက်တရားစွဲဆိုခံရမှုဟာ အဆိုးရွားဆုံးဖိနှိပ်မှုပုံစံဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးတဲ့အတွက် ဘယ်သူတစ်ဦးတစ်ယောက်မှ မသေဆုံးသင့်ပါဘူး" လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထောက်လှမ်းရေးသတင်းထောက် ဆာဟာမက်ဒီက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာအစိုးရက ၂၀၁၈ ခုနှစ်မှာ အဆိုပါ ဒစ်ဂျစ်တယ်လုံခြုံရေးအက်ဥပဒေပြဋ္ဌာန်းပြီးကတည်းက ၎င်းဥပဒေနဲ့ အမှုဖွင့်ခံရသူပေါင်း ၂ ၀၀၀ ဝန်းကျင်ရှိပါတယ်။

နိုင်ငံရဲ့ ထိပ်တန်းအယ်ဒီတာတွေနဲ့ စီနီယာသတင်းထောက်အများအပြားဟာလည်း အဲဒီဥပဒေအရ တရားစွဲဆိုခံရဖို့ ပစ်မှတ်ထားခံနေရပါတယ်။ 

နယူးယောက်အခြေစိုက် ဂျာနယ်လစ်ကာကွယ်ရေးကော်မတီက အာမက်ရဲ့သေဆုံးမှုကို မြန်မြန်ဆန်ဆန် ပွင့်လင်းမြင်သာစွာနဲ့ လွတ်လပ်စွာစုံစမ်းမှုပြုလုပ်နိုင်ရေး တောင်းဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly