သတင်းထောက် ခါရှိုဂျီအား သတ်ဖြတ်ရန် ဆော်ဒီမင်းသား အတည်ပြုခဲ့ဟု အမေရိကန် ပြောပေမယ့် ဆန်ရှင် မချမှတ်

သတင်းထောက် ခါရှိုဂျီအား သတ်ဖြတ်ရန် ဆော်ဒီမင်းသား အတည်ပြုခဲ့ဟု အမေရိကန် ပြောပေမယ့် ဆန်ရှင် မချမှတ်

သဘောထားကွဲလွဲတဲ့ ဆော်ဒီ သတင်းထောက် ခါရှိုဂျီကို ရက်စက်ကြမ်းကြုပ်စွာ သတ်ဖြတ်ဖို့အတွက် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆာလမန်က အတည်ပြုချက် ပေးခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံဟာ ပထမဆုံးအဖြစ် လူသိရှင်ကြား စွဲဆိုလိုက်ပါတယ်။

ဒါပေမယ့် ဒီ အမှုအတွက် အမေရိကန်ဟာ အပြစ်ပေး ဒဏ်ခတ်တာတွေ ချမှတ်ခဲ့ပေမယ့် နောင်တစ်ချိန်မှာ ဩဇာကြီးတဲ့ ဘုရင်ဖြစ်လာမယ့် အိမ်ရှေ့မင်းသားကိုတော့ တိုက်ရိုက်ပစ်မှတ်ထား ဒဏ်ခတ်တာ မလုပ်ခဲ့ပါ။

ခါရှိုဂျီကို သတ်ဖြတ်ဖို့ မင်းသား မိုဟာမတ်ဘင်ဆာလမန်ဟာ အတည်ပြုခဲ့တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်မှာ ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေးကို အမေရိကန်အနေနဲ့ ပြန်လည်ထိန်းညှိထားလိုပါတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။ 

ပြည်ပရောက် သဘောထားကွဲလွဲသူတွေကို ခြိမ်းခြောက်နိုင်တယ်လို့ ယူဆရတဲ့ ဆော်ဒီနိုင်ငံသား ၇၆ ယောက်ကို အမေရိကန်ဟာ ဗီဇာတင်းကြပ် အရေးယူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ ကာလရှည် မဟာမိတ်ဖြစ်သလို ရေနံတင်သွင်းသူလည်းဖြစ်တဲ့ ဩဇာကြီးတဲ့ ဆော်ဒီအိမ်ရှေ့စံဟာ သတင်းထောက် ခါရှိုဂျီကို တူရကီနိုင်ငံမှာ သတ်ဖြတ်မယ့် စစ်ဆင်ရေးကို အတည်ပြုချက်ပေးခဲ့တာလို့ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက လျှို့ဝှက်အဆင့် လျှော့ချလိုက်တဲ့ ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမတ်ရဲ့ ဩဇာလွှမ်းမိုးမှုအရ ၂၀၁၈ ခုနှစ်အတွင်းမှာ ခါရှိုဂျီကို သတ်ဖြတ်မှုဟာ သူ့ထံကနေ ခွင့်ပြုချက် မရဘဲနဲ့တော့ တော်ရုံကျုးလွန်ဖြစ်လိမ့်မှာ မဟုတ်ဘူးလို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခု သတ်ဖြတ်မှုဟာ ပြည်ပရောက် သဘောထားကွဲလွဲသူတွေကို နှုတ်ဆိတ်သွားအောင် အကြမ်းဖက်ဖို့အတွက် အိမ်ရှေ့မင်းသားက ထောက်ပံ့မှုတွေ ရှိထားတာကိုလည်း ထင်ဟပ်နေပါတယ်။

ဆော်ဒီ အိမ်ရှေ့မင်းသားကို ဝေဖန်လေ့ရှိပြီး Washington Post မှာ သတင်းရေးသားတဲ့ အမေရိကန်မှာ နေထိုင်သူ ခါရှိုဂျီဟာ ၂၀၁၈ အောက်တိုဘာလအတွင်းက သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဗီဇမှတ်တမ်းမှတ်ရာတွေ ပေးဖို့အတွက်ဆိုပြီး တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးဆီ လာဖို့ လှည့်ဖျားခေါ်ဆောင်ခံရကာ အဲဒီမှာ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly