ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ ကိုဗစ်-၁၉ ရန်ပုံငွေဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

 ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ ကိုဗစ်-၁၉ ရန်ပုံငွေဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု
Photo: AFP

ကိုရိုနာဗိုင်းရပ်စ် ကုစားရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံကို စနေနေ့ အစောပိုင်းမှာ အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ 

အခု ရန်ပုံငွေသစ်ဟာ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်တွေ၊ ပြည်နယ်အစိုးရတွေအပေါ် ဝန်ပိနေတာတွေနဲ့ ကပ်ဘေးကြောင့် ဒုက္ခကြုံနေရတဲ့ မိသားစု သန်းပေါင်းများစွာအတွက် အလွန်အရေးကြီးတဲ့ ရှေ့ခြေလှမ်းတစ်ရပ်အဖြစ် ဒီမိုကရက်တွေက ဝမ်းသာအားရ ဆိုကြပါတယ်။

အခု ရန်ပုံငွေ ရရှိရေး လုပ်ငန်းစဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်က စတင်ဖော်ဆောင်တာဖြစ်ပြီး တော်တော်များများကလည်း အရေးပါတာအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ငါးသိန်းကျော်ခဲ့ပြီးနောက် လေးရက်မြောက်မှာ အခု ရန်ပုံငွေကို အောက်လွှတ်တော်က အတည်ပြုတာဖြစ်ပြီး ဆီးနိတ်လွှတ်တော်မှာ နောက်အပတ်မှာ အတည်ပြုရေး မပြုရေး မဲပေးကြမှာ ဖြစ်ပါတယ်။

ရှားရှားပါးပါး ညလယ်ကျော် မဲပေးမှုမှာ ထောက်ခံမဲ ၂၁၉ မဲ၊ ကန့်ကွက်မဲ ၂၁၂ မဲနဲ့ အခု ရန်ပုံငွေကို အတည်ပြုလိုက်ပြီးနောက် ခဏတွင်းမှာပဲ “သေဆုံးခြင်းနဲ့ ပျက်သုဉ်းခြင်းတွေ ၁၂ လတာကာလအပြီးမှာ အမေရိကန်ဟာ ဒီညမှာ ပြန်လည်ဦးမော့ပြီ ဖြစ်ပါတယ်”လို့ လွှတ်တော်အမတ် ဘရန်ဒန်ဘွိုင်းက ပြောပါတယ်။

အခု ရန်ပုံငွေဥပဒေကြမ်းကို ရီပတ်ဘလီကန်တွေကတော့ ထောက်ခံမဲ မပေးကြပါ။

ရာစုနှစ်တစ်နှစ်မှာ တစ်ကြိမ်ကြုံရတဲ့ ကျန်းမာရေးကပ်ဘေးကို ရင်ဆိုင်ရာမှာ စည်းလုံးညီညွတ်ကြဖို့ ဇန်နဝါရီ ၂၀ ရက် သမ္မတအဖြစ် ကျမ်းကျိန်ရာမှာ ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပြီး သီတင်းပတ်တွေအလွန်မှာ ခုလို သိသိသာသာ မဲကွဲတဲ့ ရလဒ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အခု ဥပဒေကြမ်းရဲ့ နောက်ဆုံး ပြဋ္ဌာန်းချက်မှာ အနိမ့်ဆုံးလစာ တိုးမြှင့်တာတော့ ပါဝင်လာနိုင်မှာ မဟုတ်ဘူးလို့ အဓိက ဆီးနိတ်တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

ဂျိုးဘိုင်ဒင်အနေနဲ့ ၂၀၀၉ ခုနှစ်ကတည်းက ရှိနေခဲ့တဲ့ တစ်နာရီ လုပ်ခလစာ ဒေါ်လာ ၇ ဒသမ ၂၅ ဒေါ်လာကို ၁၅ ဒေါ်လာအထိ အနိမ့်ဆုံးလစာ တိုးပေးဖို့ မဲဆွယ်စည်းရုံးထားတာ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ အခု ရန်ပုံငွေဥပဒေကြမ်းအရ အမေရိကန်ပြည်သူအများစုကို တိုက်ရိုက်ထောက်ပံ့ငွေ ဒေါ်လာ ၁၄၀၀ ပေးတာနဲ့ ကာကွယ်ဆေး ဖြန့်ဖြူးနိုင်ရေး ဒေါ်လာ ဘီလီယံများစွာ သုံးစွဲမှာတွေ အပါအဝင်ဖြစ်တဲ့ ကယ်ဆယ်ရေးစီမံချက်ကိုလည်း ထည့်သွင်းထားသလို ကျောင်းတွေ ပြန်ဖွင့်နိုင်ရေးနဲ့ ပြည်နယ်အစိုးရတွေကို ရန်ပုံငွေ မတည်ပေးရေးတွေပါ ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly