ရန်ကုန်၌ ဆန္ဒပြသူများကို ရဲများက ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်ကာ လူစုခွဲ 

ရန်ကုန်၌ ဆန္ဒပြသူများကို ရဲများက ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်ကာ လူစုခွဲ 
Photo: AFP

ဖေဖော်ဝါရီ ၂၇  

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်လျက် ပြင်းထန်သောအရေးယူမှုလုပ်ဆောင်ရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်၌ ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့က ဆန္ဒပြပြည်သူများကို ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်၍ လူစုခွဲကာ နှိမ်နင်းခဲ့သည်။  

မြေနီကုန်းလမ်းဆုံ၌ ရဲများက ဆန္ဒပြသူများနှင့် သတင်းထောက်များနောက်ပြေးလိုက်ကာ ဖမ်းဆီးခဲ့ပြီး ကျည်ဆန်အစစ်သုံးခြင်း ရှိ/မရှိကိုတော့ ရှင်းလင်းစွာ မသိရသေးပေ။  

သောကြာနေ့ကလည်း မြေနီကုန်း၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား နာရီပေါင်းများစွာ လိပ်ခဲတည်းလည်းအခြေအနေဖြစ်ခဲ့သည်။  

 မွန်အမျိုးသားနေ့ဖြစ်သော စနေနေ့၌ မွန်တိုင်းရင်းသားရာပေါင်းများစွာသည် အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရန် တခြားတိုင်းရင်းသားများနှင့်အတူ မြေနီကုန်း၌ စုဝေးခဲ့ကြသည်။ 

ရဲများသည် မြေနီကုန်းလမ်းဆုံသို့ရောက်ရှိလာခဲ့ပြီး အနီးရှိအဆောက်အဦးများဆီသို့ ပြေးလွှားပုန်းအောင်းသည့် ဆန္ဒဖော်ထုတ်သူများနှင့် သတင်းထောက်များကို လိုက်လံဖမ်းဆီးခဲ့သည်။ စနေနေ့ဖမ်းဆီးခံရသူများတွင် သတင်းထောက် သုံးဦးလည်း ပါဝင်သည်။  

အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများက "ရဲတွေ ဘာလုပ်နေကြတာလဲ။ အရူးအာဏာရှင်ကို ကာကွယ်ပေးနေတာလား" ဟု အော်ဟစ်ခဲ့ကြသည်။  

ဆန္ဒပြသူများသည် လူနေရပ်ကွက်လမ်းများထဲသို့ပြေးဝင်ခဲ့ကြကာ ရဲများကိုတားဆီးရန် ဆူးဝါယာကြိုးများ၊ စားပွဲခုံများဖြင့် လမ်းများကို ပိတ်ထားခဲ့သည်။  

ရဲများ၏ပစ်ခတ်မှုများအပါအဝင် ဖြိုခွင်းမှုအခြေအနေများကို ပြည်တွင်းသတင်းထောက်များက ဖေ့စ်ဘွတ်ခ်မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသည်။  

ဆန္ဒပြသူတစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် မမိုးမိုး (အမည်လွှဲ) က "ဖြိုခွင်းမှုတွေကို ကျွန်မတို့တွေ စိုးရိမ်ပါတယ်။ ဆန္ဒပြဖို့ တခြားနည်းလမ်း ထပ်ရှာသွားမှာပါ။ အနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ" ဟု ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly