ဦးကျော်မိုးထွန်း၊ လူထု တက်ကြွမှုနဲ့ နိုင်ငံသစ် မနက်ဖြန်

ဦးကျော်မိုးထွန်း၊ လူထု တက်ကြွမှုနဲ့ နိုင်ငံသစ် မနက်ဖြန်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဦးကျော်မိုးထွန်းရဲ့ UN ကုလသမဂ္ဂမှာ ပြောဆိုတဲ့ မိန့်ခွန်းက လူထုတိုက်ပွဲ ဆင်နွှဲနေတဲ့ ပြည်သူတရပ်လုံးကို ပြန်လည်အားအင်ပြည့်ဝ တက်ကြွလာစေခဲ့တယ်။

အရေးတော်ပုံသာ အောင်မြင်ခဲ့ရင် ဒီဖြစ်ရပ်ဟာ အာဏာရှင် ဆန့်ကျင်ရေး ကစားပွဲရဲ့ Turning Point ဖြစ်လာမှာ သေချာပေါက်ပဲ။

ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီး တလပြည့်ခါနီးမှာ လူထုက စစ်တပ်ကို ဆန့်ကျင်နေပေမယ့် အတန်သင့် ပင်ပန်းနွမ်းလျလာနေတယ်။ တနည်းအားဖြင့်တော့ ကျရာနေရာကနေ ပါဝင်တွန်းလှန်နေပေမယ့် အီလာပြီး သို့လော သို့လော ဖြစ်နေချိန်။ တချို့ဆို အလုပ်ပဲ ပြန်ဝင်ရမလားလို့တောင် စိတ်ကူးနေလောက်ပြီ။

ဒီအချိန်မှာ ကုလ လိုစင်မြင့်ထက် သံတမန် ရာထူးရယူထားသူက မိမိကကိုယ်ကျိုး မိသားစု ရပ်တည်ရေး မငှဲ့ကွက်ပဲ ဓမ္မနဲ့ အဓမ္မအကြားက ကျင့်ဝတ်ပြိုင်ပွဲမှာ ဓမ္မဘက်က ပြတ်ပြတ်သားသားရပ်တည်ပြတယ်။

တနည်းအားဖြင့် လူထု Mandate ပေးထားတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုလည်း တရားဝင် အသိအမှတ်ပြုဖို့ နိုင်ငံတကာ စင်မြင့်ထက်မှာ လမ်းဖွင့်ပေးနိုင်တဲ့ အခိုက်အတန့်လို့ ဆိုလို့ရမယ်။

ဖြစ်စဉ်ဖြစ်ရပ်တိုင်း၊ နိုင်ငံကူးပြောင်းမှုတိုင်းဟာ တကယ်တော့ ချောမွေ့ခဲ့တာ မဟုတ်ပါဘူး။

မချောမွေ့တဲ့ကြားကပဲ အောင်မြင်လာတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် Turning Point အမြဲ ရှိလေ့ရှိတာ တွေ့ရပါတယ်။

ဥပမာအားဖြင့် ကိုလိုနီ နယ်မြေရှာတဲ့ နိုင်ငံတွေအနက် အတော်နောက်ကျပြီးမှ အောင်မြင်တဲ့ အင်္ဂလန် ဆိုပါစို့။

အစောပိုင်း ကိုလိုနီ နယ်မြေရှာပြီး ဥရောပကနေ တခြားဒေသသွားတဲ့ ပင်လယ်ထွက်ပေါက်တွေကို လွှမ်းမိုးထားနိုင်တဲ့ စပိန်ဆိုရင် နိုင်ငံချင်း ယှာဉ်ရင် အဲဒီကာလက အင်္ဂလန်ထက်ချမ်းသာပါတယ်။

ဒါပေမယ့် သူ့စနစ်က ဘုရင်က အကုန်ထောက်ပံ့မှ နယ်မြေရှာနိုင်တဲ့ စနစ်ဖြစ်ပြီး သွားရှာရတဲ့ လူတွေကလည်း နန်းတွင်းထဲက လူတွေနဲ့ ဘုရင့်အမှုထမ်းတွေသာ ဖြစ်ပါသတဲ့။ တနည်းအားဖြင့်တော့ အကျိုးအမြတ်ကို မျှဝေနိုင်တဲ့မက်လုံး ဆွဲဆောင်မှု က နန်းတွင် အိလိတွေအတွက်လောက်ပဲရှိသလို ၊ သာမန် အရပ်ထဲက စျေးသည်တွေ တနိုင်တပိုင် ဝယ်ခြမ်းရောင်းခြသူတွေအတွက်လည်း ပင်လယ်ရပ်ခြားသွား စွန့်စွားဖို့အတွက် မက်လုံး သိပ်မရှိပါတဲ့။ ဒါပေမယ့် တိုင်းပြည်ကို အကြောက်တရားစစ်အင်အားနဲ့ လွှမ်းမိုးထားတဲ့ စပိန်ဘုရင်ဟာ အတ္တလန်တစ် သမုဒ္ဒရာ ထွက်ပေါက်ကိုလည်း သူ့ရေတပ်အားနဲ့ ကာလအတန်ကြာထိန်းထားနိုင်ခဲ့တယ်။

အဲတုန်းက ဆင်းရဲတဲ့ အင်္ဂလိပ်တွေကတော့ မဖြစ်မနေ ကိုလိုနီ နယ်မြေရှာဖို့ ကြုံလာတော့ နန်းတွင်းမှာ ကုန်ကျစရိတ်တွေအကုန်မထောက်ပံ့နိုင်ဘူး။ ဒါနဲ့ပဲ သာမန် အရပ်ထဲက ကုန်သည်တွေ ပြည်သူတွေကိုပါ ရလာတဲ့အကျိုးအမြတ်တွေကို ခွဲဝေရယူသိုမှီးနိုင်တဲ့ ဥပဒေတွေ ပြဌာန်းပေးရတယ်။ တနည်းအားဖြင့် နိုင်ငံအတွက်လည်း အကျိုးရှိ ၊ သူတို့ တဦးချင်းအတွက်လည်း အကျိုးရှိ တိုင်းပြည်အတွက်လည်း စွန့်စားလိုစိတ်တွေလည်း ဖြစ်အောင် လမ်းဖွင့်ပေးတဲ့သဘောပါ။ လူတွေကလည်း စွန့်စားသွားလာဖို့ စိတ်ဝင်စားလာကြပြီး အနာဂတ် စိတ်ကူးအိပ်မက်ပုံဖော်ဖို့ အားအင်တက်ကြွလာကြတယ်။

အဲဒီကာလအထိ စပိန်ရေတပ်ဟာ မြောက် အတ္တလန်တိတ် သမုဒ္ဒရာကို ဥရောပကနေ ထွက်တဲ့ ထွက်ပေါက်တွေကို လွမ်းမိုးထားနိုင်တယ်ဆိုပေမယ့်  စပိန် ဘုရင့်နိုင်ငံဖွဲ့စည်းမှုပုံစံအရ အကျပ်ကိုင်အမြတ်ထုတ်တဲ့ စနစ်တွေ အလွှာတွေ လွှမ်းနေတာကြောင့် လူတွေက သူတို့ အနာဂတ်အတွက် သိပ်အားတက်ဖွယ် အခြေအနေမျိုးမရှိလို့ လူတွေက သိပ်တက်တက်ကြွကြွ မရှိပါ။ ဒါ့အပြင် ရေတပ်သားတွေကလည်း အတင်းအဓမ္မ ဆွဲခေါ် စစ်မှုထမ်းစေသူတွေလည်း အများစုဖြစ် နည်းပါးတဲ့ လစာ အခကြေးငွေလောက်သာ ရလို့ သိပ်မပျော်ပိုက်ကြပါ။ အရာရှိကြီးတွေလောက်ပဲ အဆင်ပြေသာမန် အဆင့်ငတ်တဲ့ စနစ်မျိုးဖြစ်ပါတယ်။

အင်္ဂလိပ်တွေ နယ်မြေသစ်ရှာဖို့ ပထမဆုံးကျော်လွှားရမယ့် အခက်အခဲကတော့ စပိန်ရေတပ်ကို နိုင်မှ အာဖရိက၊ မြောက်အမေရိက၊ အာရှတို့ကို သွားနိုင်မယ့် အခြေအနေမျိုးပါ။

ခေတ်မှီ လက်နက်တပ်ဆင်နိုင်မှုမှာ စပိန်ရေတပ်က သာပါသတဲ့။ ဒါပေမယ့် စစ်ပွဲလည်း တိုက်ကြရော လူထုထောက်ခံပါဝင်မှုအားကောင်းတဲ့ အင်္ဂလိပ်ရေတပ်ဟာ ခက်ခက်ခဲခဲ တိုက်ပြီး စပိန်ရေတပ်ကို အနိုင်ရခဲ့တယ်။

သမိုင်းဆရာတွေ သုံးသပ်ကြတာကတော့ အင်္ဂလိပ်တွေမှာ နိုင်ငံသစ် မနက်ဖြန်ကို ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ စိတ်ကူးတွေလည်း ရှိနေတဲ့အပြင် ၊ မျှဝေတန်ဖိုးတွေလည်း လူ့အဖွဲ့အစည်းအတွင်း စပျံ့နှံ့လာတာကြောင့် လူထုအနေနဲ့ နိုင်ငံအတွက်ကော မိမိအတွက်ပါ ပေးဆပ်ဖို့ ဝန်မလေးကြတဲ့အတွက်ဖြစ်တယ်လို့ ဆိုကြတယ်။ ကိုလိုနီ နယ်မြေရှာဖွေရေး ဥပဒေ မပြဌာန်းခင်က အင်္ဂလိပ်ရေတပ်မှာ အင်အား ထောင်ဂဏန်းပဲရှိပြီး အဲဥပဒေပြဌာန်းပြီးတဲ့အချိန်မှာ အင်အား ၃ သောင်းလောက်အထိ တမုဟုတ် တက်လာခဲ့တယ်လို့လည်း ထောက်ပြကြတယ်။ လူတွေက တက်တက်ကြွကြွနဲ့  ပေးဆပ်ဖို့ စွန့်စားဖို့ လိုလားလာကြတဲ့သဘောပါပဲ။

အဲဒီ ရေတပ်တိုက်ပွဲဟာ အင်္ဂလိပ် စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် လမ်းစပွင့်တဲ့ စနစ်ဖြစ်သလို ကိုလိုနီ နယ်မြေတွေလည်းရတဲ့အခါမှာ နန်းတော်ကော ပြည်သူပြည်သားပါ  စီးပွားရေး အရကော အခွင့်အလမ်းပါ အားကောင်းလာစေခဲ့တယ်။ တနည်းအားဖြင့် အပေါ် အိလိအလွှာကပဲ အမြတ်ထုတ်တဲ့စနစ်မျိုးကို ခေတ်သစ် စနစ်တစ်ခုနဲ့ စတင်နိုင်ဖို့ ခြေလှမ်းအစလို့ ဆိုနိုင်တယ်။ သာမန်လူတွေအနေနဲ့ နယ်မြေသစ်တွေမှာ အစိုးရအကြီးအကဲ ဖြစ်နိုင်မယ့် အခွင့်အလမ်းတွေလည်း ပေါ်လာတယ်။

အထက်က ဆိုခဲ့သလိုပဲ ဖြစ်ရပ်ဖြစ်စဉ်တွေတိုင်းမှာ Turning Points ရှိသလို အခုလူထုအရေးတော်ပုံမှာ လူထုကလည်း တတ်စွမ်းသရွေ့ပါဝင်ကြသလို နိုင်ငံတကာ အခင်းအကျင်းမှာလည်း မမျှော်လင့်ပဲ UN လိုနေရာမှာ အာဏာသိမ်းခံထားရတဲ့ အစိုးရ ကိုယ်စား စကားပြောပေးမယ့်လူလည်း ရှိခဲ့တယ်။

CRPH ရဲ့ နိုင်ငံရေးအရ တရားဝင်မှုကလည်း ကြီးလာနေတယ်။ လူမျိုးစု တိုင်းရင်းသားတွေ ၊ ဒီမိုကရေစီဘက်တော်သားတွေနဲ့ ဒီမိုကရေစီ အခြေခံ နိုင်ငံရေးပါတီတွေကလည်း CRPH ကို လက်ခံတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း လက်ခံတယ်။ ဒီအချိန်မှာ လိုအပ်နေတာကတော့ မဟာဗျူဟာကျတဲ့ CRPH ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍနဲ့ နိုင်ငံသစ် မနက်ဖြန် အတွက် အရေးပါတဲ့ လူ့အလွှာခြားစေတဲ့ စနစ်တွေကို ဘယ်လို တိုက်ဖျက်မလဲဆိုတဲ့ ကတိကဝတ် အခြေခံ မဟာမိတ် စုဖွဲ့မှုပဲ ဖြစ်တယ်။

ဒီမိုကရေစီ စကားအရ ပြောရရင်တော့ တပြည်လုံးအတွက်က ပြည်သူ့ ဒီမိုကရေစီ နဲ့ လူမျိုးစု တိုင်းရင်းသားတွေအတွက်က အမျိုးသား ဒီမိုကရေစီ ( ဖက်ဒရယ်အခွင့်အရေး ) ဖြစ်တယ်။ အဲနှစ်မျိုး ဟန်ချက်ညီ ပေါင်းစပ်နိုင်ရင် ဒီအရေးတော်ပုံက သေချာပေါက်အောင်မြင်ပါလိမ့်မယ်။ လူထုကလည်း တက်ကြွနေတယ်။

ဆောင်းပါး အစောပိုင်းမှာပြောခဲ့သလိုပဲ ရုပ်ဝတ္တု ပစ္စည်း ဆင်းရဲ ချို့တဲ့တဲ့ အင်္ဂလိပ်ရေတပ်ဟာ လူ့အလွှာခြားစေတဲ့ စနစ်တွေကို ပယ်ဖျက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းဖြစ်တဲ့ လွတ်လပ်စွာ ရှာဖွေသိုမှီးရယူပိုင်ဆိုင်ခွင့် ဆိုင်ရာ မျှဝေ တန်ဖိုးအပေါ် အခြေခံတဲ့ ဥပဒေကို ပြဌာန်းပေးတာနဲ့တင် ( တနည်းအားဖြင့် လူထု လူတန်းစား အလွှာတွေရဲ့ စီးပွားရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ နိုင်ငံရေးအရပါဝင်ခွင့် ) လမ်းအတော်များများ ပွင့်သွားခဲ့တယ်မဟုတ်ပါလော။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly