သေလောက်တဲ့ အင်အား သုံးခဲ့ခြင်းအတွက် မြန်မာစစ်တပ်ကို ကုလသံတမန် ပြင်းပြင်းထန်ထန် ရှုတ်ချ 

သေလောက်တဲ့ အင်အား သုံးခဲ့ခြင်းအတွက် မြန်မာစစ်တပ်ကို ကုလသံတမန် ပြင်းပြင်းထန်ထန် ရှုတ်ချ 
Photo: AFP

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ခရစ္စတင်းရှာရန်နာဘာဂျန်နာက မြန်မာစစ်တပ်ရဲ့ လက်သင့်ခံစရာ မရှိသော သေလောက်တဲ့ အင်အား အသုံးပြုခဲ့တာ အပါအဝင် မကြာသေးခင်က လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။

ဒါအပြင်  မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်တည်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးကြဖို့ကိုလည်း သူက တိုက်တွန်းဆော်ဩပါတယ်။

“ကျွန်မ ၂၀၁၉ တုန်းက ပြောထားခဲ့ပါတယ်။ မြန်မာ့အရေးမှာ သတိပေးရမယ်အချိန်ရောက်ရင် ကျွန်မ သတိပေးမှာပါလို့ပါ။ အခုက သတိပေးရတော့မယ့်အချိန်ပါပဲ။ ကျွန်မ တပ်လှန့်သတိပေးနေပါတယ်၊ မြန်မာစစ်တပ်ရဲ့ မကြာသေးခင်က လုပ်ရပ်တွေကို ကျွန်မ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ထောက်ခံအားပေးဖို့အတွက် အားလုံးအနေနဲ့ တစ်စုတစ်စည်းတည်း ရှင်းရှင်းလင်းလင်း အရေးတယူ ဆောင်ရွက်ဖို့ ကျွန်မ တိုက်တွန်းပါ”လို့ ဘာဂျန်နာက သောကြာနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော ဆွေးနွေးပွဲမှာ အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“တရားဥပဒေနဲ့ ညီတဲ့ အုပ်ချုပ်ရေး ယန္တရားကို တည်ထောင်ဖို့ မတူကွဲပြားမှုတွေကို စုစည်းထိန်းသိမ်းရမယ့်အစား စစ်တပ်ဟာ သူ့ရဲ့ လုပ်ဆောင်ကြိုးစားခဲ့တဲ့ အာဏာသိမ်းမှုကို တရားမျှတတဲ့အဖြစ် ပုံဖော်နိုင်ဖို့ မတူကွဲပြားမှုတွေမှာ အမြတ်ထုတ်နေတယ်၊ ကျွန်မအနေနဲ့ ‘လုပ်ဆောင်ကြိုးစားခဲ့တဲ့’ ဆိုတဲ့ အသုံးအနှုန်းကို သုံးရတာကလည်း အာဏာရယူပြီးနောက်မှာ တည်ငြိမ်မှုတွေ မရှိလို့ပါပဲ၊ ပြည်သူတွေဟာ အာဏာသိမ်းမှုကို လုံးဝ ငြင်းပယ်နေကြမှာကြောင့်ပါပဲ၊ အရေးကြီးတာက ဒီ စစ်အာဏာသိမ်းအဖွဲ့ကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်ဖြစ်မှု ဒါမှမဟုတ် အသိအမှတ်ပြုမှု မလုပ်ဆောင်ကြဖို့ပါပဲ”လို့ သူက ဆိုပါတယ်။

အခု ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဆီ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပြီး စစ်တပ်ရဲ့ အုပ်ချုပ်ရေး အဆုံးသတ်ဖို့အတွက် ဖြစ်သနိုင်သမျှ အပြင်းထန်ဆုံး အရေးယူဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“တစ်နိုင်ငံလုံးအနှံ့ အလွှာအသီးသီးက ပြည်သူတွေဟာ လမ်းပေါ်ထွက်ကြပြီး စစ်အာဏာသိမ်းမှုကြောင့် စိတ်ထိခိုက်နာကျင်ရတာကို ဖော်ပြနေကြတယ်။ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ဖို့နဲ့ ရွေးကောက်ခံ အစိုးရဆီ အာဏာပြန်လည် လွှဲအပ်ဖို့ တောင်းဆိုနေကြတယ်။ မြန်မာပြည်သူတွေဟာ သူတို့ လိုလားချက်တွေ ရရှိဖို့အတွက်  စိတ်ဒုံးဒုံးချထားပြီး ဖြစ်တယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောဖူးတဲ့ ခေတ်သစ်ကမ္ဘာမှာ စစ်အာဏာသိမ်းမှုဟာ လက်ခံစရာ မရှိဘူးဆိုတာကို ကျွန်တော် သဘောတူတယ်၊ ဒီ အာဏာသိမ်းမှု အရေးနိမ့်ရမယ်”လို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required