ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ကလုံးများ ထုတ်လုပ်မည့် စက်ရုံ တရုတ်တွင်ဖွင့်လှစ်မည်

ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ကလုံးများ ထုတ်လုပ်မည့် စက်ရုံ တရုတ်တွင်ဖွင့်လှစ်မည်

တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ပုံတူ ကိုယ်ပွားကလုံးများ ထုတ်လုပ်မည်စက်ရုံကို တည်ဆောက်လျက်ရှိသည်။ ဈေးကွက်တွင် အမဲသားလိုအပ်ချက်ပြည့်မှီရေးအတွက် ယင်းကလုံးစက်ရုံမှ ထုတ်လုပ်မည်ဖြစ်ရာ ကလုံးအသားများ အစားအစာဈေးကွက်သို့ ရောက်ရှိလာမည်ဖြစ်ခြင်းနှင့် ပတ်သက်ပြီး လူမှုမီဒီယာများတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပွားလာစေသည်။

ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း)ကုန်ကျခံတည်ဆောက်မည့် ယင်းကလုံးစက်ရုံတွင် တိရစ္ဆာန်ပုံတူကလုံးများထုတ်လုပ်ခြင်းအတွက် ဓာတ်ခွဲခန်းများနှင့် မျိုးဗီဇဘဏ်များ ပါဝင်မည်ဖြစ်ပြီး   ခွေးပုံတူကိုယ်ပွားကလုံးများ၊ မြင်းများနှင့်အတူ ကျွဲနွားအကောင်ရေ တစ်သန်းအထိ တိရစ္ဆာန်ပုံတူကိုယ်ပွားများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ယင်းစက်ရုံကို တရုတ်ဇီဝနည်းပညာကုမ္ပဏီ Boyalife နှင့် လူသားသန္ဓေပုံတူကိုယ်ပွားများ ထုတ်လုပ်ခဲ့သည်ဟုဆိုကာ ဆယ်စုနှစ်တစ်ခုအကြာက အငြင်းပွားမှုများဖြစ်ထားခဲ့သူ တည်ထောင်ခဲ့သည့်   တောင်ကိုရီးယားမှ Sooam Biotech ကုမ္ပဏီတို့ ပူးပေါင်းကာ တရုတ်သုတေသနသက်မွေးသိပ္ပံနှစ်ခုနှင့် လက်တွဲပြီး တည်ထောင်ခြင်းဖြစ်သည်။

ယင်းကလုံးစက်ရုံမှ အိမ်မွေးခွေးများနှင့် ရဲခွေးများ၊ ပြိုင်မြင်းများနှင့် နွားများ အစရှိသည့် တိရစ္ဆာန်ပုံတူကိုယ်ပွားများကို ဈေးကွက်တွင် ရောင်းချနိုင်ရန် ထုတ်လုပ်သွားမည်ဖြစ်သည်။

တီယန်ကျင်းမြောက်ပိုင်းဆိပ်ကမ်းမြို့တွင် ယင်းစက်ရုံကို တည်ဆောက်နေခြင်းဖြစ်ကာ လာမည့်နှစ်တွင် တိရစ္ဆာန်ကလုံးများ စတင်ထုတ်လုပ်မည်ဖြစ်သည်။ တစ်နှစ်လျှင် နွားပုံတူကိုယ်ပွားပေါင်း တစ်သိန်းအထိ ထုတ်လုပ်နိုင်ပြီး တစ်သန်းအထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Boyalife ဥက္ကဌ Xu Xiaochun ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းက ဖော်ပြသည်။

"တရုတ်လယ်သမားတွေက ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် အမဲသားထုတ်လုပ်နိုင်အောင် မနည်းကြိုးစားနေရတယ်။"ဟု ၎င်းက ပြောသည်။

သို့သော် လူမှုမီဒီယာသုံးစွဲသူများက ကလုံးအသားများစားရက်နိုင်သူများ ရှိမရှိအပေါ် ဒွိဟဖြစ်ကြကာ ယခုစက်ရုံသည်လည်း သြဂုတ်လအတွင်းက လူပေါင်း ၁၆၅ ဦးသေဆုံးသည့် ဓာတုပေါက်ကွဲမှု   ဖြစ်ခဲ့ရာ စက်ရုံနှင့် နီးလွန်းသည့် နေရာတွင် ရှိကြောင်းထောက်ပြကြပြီး တရုတ်နိုင်ငံမှာလည်း အစားအစာလုံခြုံဘေးကင်းမှု ပြဿနာများ ရှိနေသည့် နိုင်ငံဖြစ်သည်။

"ဒီကလုံးအစားအစာတွေကို တောင်ကိုရီးယားမှာ ရောင်းမှာလား တရုတ်ရောင်းမှာလား။ တရုတ်မှာ ရောင်းမှာဆိုရင်တော့ ကျေးဇူးပြုပြီး ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေကို အရင်ဆုံး စားပါစေ။"ဟု လူမှုမီဒီယာအသုံးပြုသူတစ်ဦးက ရေးသားထားသည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly