စစ်ကောင်စီက တစ်နိုင်ငံလုံး အပစ်ရပ်သက်တမ်းတစ်လ ထပ်တိုး

စစ်ကောင်စီက တစ်နိုင်ငံလုံး အပစ်ရပ်သက်တမ်းတစ်လ ထပ်တိုး

အာဏာသိမ်းစစ်ကောင်စီက ၄င်းတို့တပ်အနေဖြင့် တစ်နိုင်ငံလုံးစစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းခြင်းကို လာမည့် မတ်လ တစ်လအထိ သက်တမ်းတိုးကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ နိုင်ငံပိုင်ရုပ်သံ MRTV ညနေသတင်းတွင်ကြေညာခဲ့သည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အတိုင်း တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟုဆိုသည်။ ယင်းသို့ဆောင်ရွက်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးဆောင်မည့်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ 

NLD လက်ထက်အထိ  NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆယ်ခုရှိသည်။ ယင်းအနက် အင်အားတောင့်တင်းသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်လွတ်ရေးတပ်မတော် (RCSS) တို့ပါဝင်သည်။ ယင်းအဖွဲ့အစည်းနှစ်ခုလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့က ၄င်းတို့အနေဖြင့် စစ်အစိုးရလက်ထက် NCA ဆွေးနွေးမှုကို ရပ်ဆိုင်းထားမည်ဟု ကြေညာထားသည်။

KNU ထိန်းချုပ်ရာဒေသ ဖာပွန်ခရိုင်တွင် တပ်မတော်နှင့်တိုက်ပွဲငယ်တချို့ ဖြစ်ပွားမှုရှိသည်။ KNU တပ်ဖွဲ့ဝင်များက စစ်အစိုးရပြုတ်ကျရေး ဆန္ဒပြပြည်သူများကို ကော့ကရိတ်မြို့နှင့်မြို့နယ်တချို့တွင် လုံခြုံရေး ယူပေးလျှက်ရှိသည်။ ပြီးခဲ့သည့်ရက် မြန်မာစစ်တပ်နှင့် KNU တို့ ကော့ကရိတ်မြို့နယ်ထဲတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး တပ်မတော်ဗိုလ်မှူး အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး သုံးဦးကျဆုံးကြောင်း KNU က ထုတ်ပြန်ထားသည်။

NCA မထိုးရသေးသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် (Northen Alliance) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်အစိုးရတပ်တို့ ယခုရက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် KIA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်​တပ်တော် (AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly