စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးအရေးယူရေး ကုလဆိုင်ရာမြန်မာသံအမတ်ကြီး တောင်းဆို

စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးအရေးယူရေး ကုလဆိုင်ရာမြန်မာသံအမတ်ကြီး တောင်းဆို

ဖေဖော်ဝါရီ ၂၇

သောကြာနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုင်းပြည်အတွင်း အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ဖို့ ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် နိုင်ငံတကာအသိုက်အဝန်းကို လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ကန့်ကွက်ကြောင်းပြောဆိုရာမှာ ဦးကျော်မိုးထွန်းရဲ့အသံဟာ စိတ်ခံစားမှုအပြည့်နဲ့ ဆို့နင့်အက်ကွဲလို့နေပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မိမိကိုယ်စားပြုတဲ့ တိုင်းပြည်အုပ်စိုးသူတွေကို ဆန့်ကျင်ပြီးပြောဆိုတာဟာ အင်မတန်မှ ရှားပါးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

သံအမတ်ကြီးဟာ မြန်မာလို နိဂုံးချုပ်စကားပြောဆိုအပြီးမှာလည်း ဆန္ဒပြမှုအတွင်း ဒီမိုကရေစီထောက်ခံသူတွေ အသုံးပြုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက်သုံးချောင်းထောင်ပြပြီး ‘အရေးတော်ပုံအောင်ရမည်’ လို့ ကြွေးကြော်ခဲ့ပါတယ်။

“စစ်အာဏာသိမ်းမှု ချက်ချင်းအဆုံးသတ်စေဖို့၊ အပြစ်မဲ့ပြည်သူတွေကို နှိပ်ကွပ်တာ ရပ်တန့်ဖို့၊ နိုင်ငံ့အာဏာကို ပြည်သူ့လက်ထဲပြန်ထည့်ပေးဖို့နဲ့ ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကျွန်တော်တို့လိုအပ်ပါတယ်”လို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့ ကြေညာချက်တွေ ထုတ်ပြန်ရန်၊ စစ်အစိုးရကို အသိအမှတ်မပြုရန်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ စစ်တပ်ကိုတိုက်တွန်းရန်၊ နိုင်ငံ့အာဏာ ပြည်သူ့လက်ထဲမရောက်မချင်း စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေကျူးလွန်တဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို ရပ်တန့်စေဖို့နဲ့ စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး အပြင်းထန်ဆုံးအရေးယူဆောင်ရွက်မှုတွ ပြုလုပ်ရန်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေအတွက်၊ ပြည်သူ့အစိုးရအတွက် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဦးကျော်မိုးထွန်းရဲ့ ပြောကြားချက်အပြီးမှာ ကုလအစည်းအဝေးခန်းက သံတမန်တွေက ချက်ချင်းပဲ လက်ခုပ်ဩဘာပေးပြီး ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဗြိတိန်သံအမတ် ဘာဘရာဝုဒ်ဝပ်က “ကျွန်မတို့ လုပ်ဖော်ကိုင်ဖက် ဦးကျော်မိုးထွန်းရဲ့ ရဲစွမ်းသတ္တိနဲ့အားမာန်အပြည့်ပါတဲ့ ပြောဆိုချက်ကို ချီးကျူးပါတယ်” လို့ ပြောခဲ့ပါတယ်။

ကုလကိုယ်စားလှယ်တစ်ယောက်က တိုင်းပြည်အုပ်ချုပ်သူကို ဆန့်ကျင်ပြီး နောက်ဆုံးပြောဆိုခဲ့တာကတော့ ၂၀၁၁ ခုနှစ်က ဖြစ်ပြီး လစ်ဗျားသံအမတ်က အာဏာရှင် မိုမာ ကဒါဖီကို ရှုတ်ချပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required