လာမည့်အင်္ဂါနေ့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာအရေး အထူးအစည်းအဝေးကျင်းပရန် စီစဉ် 

လာမည့်အင်္ဂါနေ့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာအရေး အထူးအစည်းအဝေးကျင်းပရန် စီစဉ် 
Photo: EPA

 ဖေဖော်ဝါရီ ၂၆  

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကိုဆွေးနွေးရန်အတွက် အင်္ဂါနေ့၌ အထူးအစည်းအဝေးကျင်းပရန် ပြင်ဆင်နေကြောင်း အာဆီယံသံတမန်သတင်းရပ်ကွက်များက သောကြာနေ့တွင် ပြောသည်။

ထိုအစည်းအဝေးသည် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ ပထမဆုံးအစည်းအဝေးဖြစ်သည်။ အာဆီယံနိုင်ငံအများစုက အစည်းအဝေးတက်ရောက်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ထားသော ဦးဝဏ္ဏမောင်လွင်ကလည်း တက်ရောက်ရန် တောင်းဆိုခဲ့သည်ဟု သတင်းရစ်မြစ်များက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအခြေအနေကြောင့် ထိုအစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့်ရော လူပုဂ္ဂိုလ်ကိုယ်တိုင်တက်ရောက်သည့်စနစ်ဖြင့်ပါ ပူးတွဲကျင်းပသွားမည်ဖြစ်သည်။ လူကိုယ်တိုင်တက်ရောက်မည့်အစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်ရှိရာ ဂျကာတာ၌ ကျင်းပမည်ဖြစ်သည်။

အစည်းအဝေးအားတက်ရောက်မည့် အာဆီယံအဖွဲ့ဝင်များသည် အာဏာသိမ်းမှုအလွန် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှုနှင့် စစ်တပ်က အရေးပေါ်အခြေအနေတစ်နှစ်အပြီး ကျင်းပမည်ဟု ကတိပြုထားသော အထွေထွေရွေးကောက်ပွဲအသစ်ပေါ် မတူညီသော ရှုထောင့်များရှိနိုင်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို နေ့စဉ် ဆန္ဒပြလျက်ရှိပြီး တချို့ဆန္ဒပြသူများက စစ်ကောင်စီကခန့်အပ်သော နိုင်ငံခြားရေးဝန်ကြီးပါဝင်မည့် အာဆီယံအစည်းအဝေးကို ဝေဖန်လျက်ရှိသည်။

ဦးဝဏ္ဏမောင်လွင်သည် ၂၀၁၅ ခုနှစ်မတိုင်ခင်ထိ ဦးသိန်းစိန်ခေါင်းဆောင်သော စစ်အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာသည့်အခါ သူမကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်တိုမာဆူဒီသည် အာဆီယံအစည်းအဝေးအတွက် အဖွဲ့ဝင်နိုင်ငံများကို စည်းရုံးရန် ဦးဆောင်ကြိုးပမ်းအားထုတ်ခဲ့သည်။ မာဆူဒီသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက လက်ရှိအာဆီယံဥက္ကဋ္ဌတာဝန်ယူထားသော ဘရူနိုင်းနှင့် စင်္ကာပူအပါအဝင် တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

မာဆူဒီသည် ဗုဒ္ဓဟူးနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်းနှင့် ဦးဝဏ္ဏမောင်လွင်တို့နှင့် သုံးပွင့်ဆိုင် တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required