ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ အီရန်ကျောထောက်နောက်ခံ လက်နက်ကိုင်အုပ်စုများ အသုံးပြုသည့် အဆောက်အအုံများကို ကြာသပတေးနေ့တွင် အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့သည်။
အီရန်က အမေရိကန်တပ်များ တည်နေရာကို မကြာသေးခင်က ဒုံးကျည်တိုက်ခိုက်ခံရအပြီး သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသစ်၏ အီရန်အတွက် သတင်းစကားအဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။
ယခု တိုက်ခိုက်မှုသည် ဂျိုးဘိုင်ဒင် သမ္မတဖြစ်ပြီး သီတင်းငါးပတ်အတွင်း အီရန်နှင့် ချိတ်ဆက်သည့် အုပ်စုများအား ပထမဆုံးအဖြစ် စစ်ရေးအရ အရေးယူခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အီရန်ကျောထောက်နောက်ခံသော အုပ်စုများ အသုံးပြုသည် ဆီးရီးယား-အီရတ်နယ်စပ် ထိန်းချုပ်မှတ်နေရာကို လေကြောင်းထိုးစစ် ဆင်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံများစွာကို ဖျက်ဆီးပစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်တပ်တွေဟာ ညနေအစောပိုင်းမှာ ဆီးရီးယား အရှေ့ပိုင်းက အီရန်ထောက်ခံတဲ့ စစ်သွေးကြွအုပ်စုတွေရဲ့ အခြေခံအဆောက်အအုံတွေကို လေကြောင်းထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်တွင် ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောသည်။
“အီရတ်က အမေရိကန်နဲ့ ညွှန့်ပေါင်းတပ်တွေကို မကြာသေးခင်က တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်နေတာတွေကို တုံ့ပြန်ပြီး အခု လေကြောင်းထိုးစစ်ကို ဆင်ရတာပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ကြာသပတေးနေ့က ယင်း တိုက်ခိုက်မှုအတွင်း သေကျေဒဏ်ရာရမှု ရှိမရှိကို ၎င်းက မပြောပေ။
သို့သော် ဆီးရီးယား ဘူကာမဲလ်မြို့နားက အီရတ်ဖက်မှလာသော လက်နက်ခဲယမ်းများ တင်ဆောင်ထားသည့် ထရပ်ကားသုံးစင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၁၇ ဦး သေဆုံးသည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
သေဆုံးသူ အားလုံးမှာ အီရန်နှင့် ချိတ်ဆက်သော ပျောက်ကြားတပ်ဖွဲ့ငယ်များကို လွှမ်းမိုးမှုရှိသည့် အီရတ်မှ နိုင်ငံတော် ထောက်ပံ့ခံ Hashed al-Shaabi တပ်ဖွဲ့မှ ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောခဲ့သည်။














