မြန်မာစစ်အာဏာသိမ်းမှုအပေါ် ‌ရှုတ်ချသည့် ဆုံးဖြတ်ချက် တောင်ကိုရီးယားပါလီမန်တွင် အတည်ပြု

By The Korea Herald
26 February 2021
 မြန်မာစစ်အာဏာသိမ်းမှုအပေါ် ‌ရှုတ်ချသည့် ဆုံးဖြတ်ချက် တောင်ကိုရီးယားပါလီမန်တွင် အတည်ပြု
National Assembly Speaker Park Byeong-seug (Photo: EPA)

ဖေဖေါ်၀ါရီ ၂၆

တောင်ကိုရီးယား အမျိုးသားလွှတ်တော်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေးအတွက် တောင်းဆိုလိုက်ပြီး တစ်ချိန်တည်းမှာပင် လူ့အခွင့်အရေးကို ထိန်းသိမ်းရန် ပျက်ကွက်မှုနှင့် အကြမ်းဖက်မှု အသုံးပြုခြင်းတို့အတွက် မြန်မာစစ်အစိုးရအပေါ်တွင်လည်း ရှုတ်ချပြစ်တင်လိုက်သည်။

တောင်ကိုရီးယား ပါလီမန်သည် မြန်မာနိုင်ငံ၏ စစ်တပ်အာဏာသိမ်းမှုအပေါ် ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို သောကြာနေ့တွင် အတည်ပြုခဲ့ပြီး တစ်ဖက်သတ် ထိန်းသိမ်းခံထားရသူများအားလုံး ပြန်လည်လွတ်မြောက်‌ရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးကိုလည်း တိုက်တွန်းခဲ့သည်။ ထို့ပြင် တောင်ကိုရီးယား ပါလီမန်က မြန်မာရှိ ဆန္ဒပြပွဲများအပေါ် စစ်အစိုးရ၏ ဖြိုခွင်းနှိမ်နင်းမှုများအပေါ် ဝေဖန်ပြစ်တင်ခဲ့ပြီး ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးကြောင်း ထုတ်ဖော်ခဲ့သည်။

တောင်ကိုရီးယားပါလီမန်တွင် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အရ မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုနှင့် ဆန္ဒပြမှုများအပေါ် ယင်း၏ ဖြိုခွင်းနှိမ်နင်းမှုတို့ကို “ဒီမိုကရေစီအပေါ် ကြီးလေးစွာ ဖီဆန်မှုတစ်ခု” အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ထို့ပြင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုအတွင်း တစ်ဖက်သတ် ထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား ထိန်းသိမ်းခံထားရသူများကို ချက်ချင်း ပြန်လွှတ်ပေးရန်လည်း ယင်းက တောင်းဆိုခဲ့သည်။

“၂၀၁၅ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့တဲ့ ဒီကနေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအတွက် တိုက်ပွဲ၀င်ခဲ့တဲ့ များစွာသော နိုင်ငံသားတွေရဲ့ မြင့်မြတ်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကနေ ပေါ်ပေါက်ခဲ့ပါတယ်၊ ပြီးတော့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အစိုးရက အပြတ်အသတ် အနိုင်ရခဲ့ချိန် သမိုင်းမှာ အလှည့်အပြောင်းသစ်တစ်ခုကို ရောက်ရှိခဲ့ပါတယ်” ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

“ဒီလိုမျိုး အလွန် အရေးပါတဲ့ အခိုက်အတန့်ကာလမှာ မြန်မာစစ်တပ်ဟာ နောက်တစ်ကြိမ် ထပ်ပြီးတော့ ဒီမိုကရေစီ မျှော်လင့်ချက်တွေကို ကြွေမွစေဖို့ အကြမ်းဖက်မှု အသုံးပြုခဲ့ပြန်ပါပြီ၊ ပြည်သူတွေရဲ့ ဘ၀တွေကို ခြိမ်းခြောက်ခဲ့ပါတယ်၊ နှစ် ၅၀ ကြာ အခက်အခဲဒုက္ခတွေ နောက်ပိုင်း ဒီမိုကရေစီ အသီးအပွင့်အားလုံးကို လူမဆန်စွာ နင်းခြေနေခဲ့ပါတယ်၊ ဒီတော့ ဒီမိုကရေစီက အပြင်းအထန် စိန်ခေါ်ခံခဲ့ရပါပြီ”

မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသော ကိုရီးယား ၃,၅၀၀ တို့၏ ဘေးကင်းလုံခြုံရေးနှင့် လွတ်လပ်ခွင့်တို့အတွက်လည်း တောင်ကိုရီးယား လွှတ်တော်က တောင်းဆိုခဲ့ပြီး တစ်ချိန်တည်းမှာလည်းပဲ အခြေခံလူ့အခွင့်အရေးများကို စောင့်ထိန်းလိုက်နာ‌ရေးနှင့် နိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းရေးအတွက် မြန်မာစစ်တပ်ကိုလည်း ယင်းက တိုက်တွန်းတောင်းဆိုခဲ့သည်။

ယခု ဆုံးဖြတ်ချက်ကို အတည်ပြုခြင်းအားဖြင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် လက်တွဲလုပ်ဆောင်ရေး တောင်ကိုရီးယားအစိုးရကို တိုက်တွန်းမည်ဟုလည်း သိန္နိဋ္ဌာန်ချခဲ့ကြသည်။

ယခု ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်းနှင့် မြန်မာသို့ ပေးပို့သွားမည် ဖြစ်ပြီး ထို ဆုံးဖြတ်ချက်ကို အာဏာရနှင့် အတိုက်အခံ ပါတီများမှ ဥပဒေပြုအမတ်များအားလုံးက လက်မှတ်ထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly