ရန်ကုန်က ဆန္ဒပြပွဲအတွင်း ဂျပန်သတင်းထောက်တစ်ဦးကို ရဲဖမ်းဆီး 

ရန်ကုန်က ဆန္ဒပြပွဲအတွင်း ဂျပန်သတင်းထောက်တစ်ဦးကို ရဲဖမ်းဆီး 

စီးပွားရေးမြို့တော် ရန်ကုန်က ဆန္ဒပြပွဲအတွင်း ဂျပန် အလွတ်တန်းသတင်းထောက်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သောကြာနေ့တွင် ပြောပြီး ယခု ဖမ်းဆီးမှုမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်နောက်ပိုင်း နိုင်ငံခြားသတင်းထောက်တစ်ဦးအား ပထမဆုံး ဖမ်းဆီးမှု ဖြစ်သည်။ 

နံနက်ပိုင်းက ဖမ်းဆီးခံရသူ ဂျပန်သတင်းထောက်မှာ ယူကီကီတာဇူမီဖြစ်ပြီး ၎င်းသည် မီဒီယာထုတ်လုပ်ရေးကုမ္ပဏီ Yangon Media Professionals ကို ဖွင့်လှစ်ထားပြီး Nikkei စီးပွားရေးသတင်း၌လည်း ဂျာနယ်လစ်အဖြစ် လုပ်ကိုင်လေ့ရှိသူဖြစ်ကြောင်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာနှင့် အွန်လိုင်းမီဒီယာ အင်တာဗျူးများအရ သိရသည်။ 

“မျက်မြင်တွေ ပြောတာတော့ သူဟာ ခေါင်းကို အရိုက်ခံရပေမယ့် helmet ဆောင်းထားတယ်လို့ ဆိုတယ်၊ ဒါကြောင့် သိပ် များများစားစား ထိခိုက်မမိနိုင်ဘူး၊ ကျွန်တော် သံရုံးနဲ့ ဆက်သွယ်နေပါတယ်၊ ခုထိတော့ နောက်ထပ် သတင်းတွေ မကြားသိရသေးပါ”ဟု ကီတာဇူမီ၏ မြန်မာလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကိုလင်းဉာဏ်ထွန်းက ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဖေ့ဘုတ်တွင် ရေးသားသည်။ 

“ကျွန်တော်ကတော့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ မဟုတ်ဘူး၊ ဒါပေမယ့် နံနက် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ သူ အဖမ်းခံရပြီဆိုတာကို Messenger ကနေ သူက ကျွန်တော်ဆီ မက်ဆေ့ချ်လှမ်းပို့တယ်၊ ဒီနောက်ပိုင်းတော့ သူ့နဲ့ အဆက်အသွယ် ပြတ်နေတာပဲ”ဟု ရိုက်တာသို့ တယ်လီဖုန်းမှ တစ်ဆင့် ၎င်းက ဆိုသည်။ 

တိုကျို၌ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ကတ်ဆူနိုဘူကာတိုက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ယခု သတင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်အောင် ဂျပန်နိုင်ငံက ကြိုးစားနေသည်ဟု ပြောခဲ့သည်။ 

မြန်မာရဲတပ်ဖွဲ့သို့ ထင်မြင်ချက် တောင်းခံရာ၌ ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။ ကီတာဇူမီ ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ၎င်း၏ ဖုန်းသို့ ဆက်သွယ်၍ မရပေ။ 

မြန်မာနိုင်ငံတွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင် အများစုကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစကာ သီတင်းပတ်များစွာ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။ 

အာဏာသိမ်းမှုအပြီး ကီတာဇူမီအား ဖမ်းဆီးမှုသည် ဒုတိယမြောက် နိုင်ငံခြားသားအား ဖမ်းဆီးမှုပဲ ဖြစ်သည်။ 

ပထမဖမ်းဆီးခံရသူမှာ ဩစတြေးလျပညာရှင် ရှောင်တာနဲလ်ဖြစ်ပြီး ၎င်းသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးတစ်ဦးလည်းဖြစ်ကာ မြန်မာ့ဘဏ္ဍာရေးစနစ်နှင့် ပတ်သက်ပြီး ထင်ရှားသော နိုင်ငံတကာ ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ 

ကီတာဇူမီ၏ ကုမ္ပဏီသည် သတင်းများမှသည် ရုပ်ရှင်နမူနာများအထိ ဗီဒီယိုများ ထုတ်လုပ်သော ကုမ္ပဏီဖြစ်သကဲ့သို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အလေးထားပြီး ဂျာနယ်လစ်များအား လေ့ကျင်သင်တန်းပေးရာ ကုမ္ပဏီလည်း ဖြစ်ကြောင်း ယင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

သောကြာနေ့ အစောပိုင်းတွင် ကီတာဇူမီက ဖေ့ဘုတ်၌ ‘ငြိမ်းချမ်းရေး’ ခေါင်းစဉ်ဖြင့် သွေးထွက်သံယို ဖြိုခွင်းမှုများ ရှိသည့်ကြားမှ မြန်မာနိုင်ငံသားများစွာက လမ်းပေါ်ထွက် ဆန္ဒပြကြကြောင်းနှင့် ဆန္ဒပြသူများကို ထောက်ခံမှုအတွက် ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြကြောင်း ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly