အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံတွင် စက်ရုံသစ်ဖွင့်လှစ်မှုကို တိုယိုတာ ရွှေ့ဆိုင်း

 အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံတွင် စက်ရုံသစ်ဖွင့်လှစ်မှုကို တိုယိုတာ ရွှေ့ဆိုင်း
Photo: EPA

ဖေဖေါ်၀ါရီ ၂၆

ဂျပန်ကားကုမ္ပဏီ တိုယိုတာ (Toyota Motor) သည် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး မသေချာမရေရာမှု မြင့်တက်နေစဉ် မြန်မာနိုင်ငံ၌ စက်ရုံသစ်တစ်ရုံ ဖွင့်လှစ်မှုကို ရွှေ့ဆိုင်းနောက်ဆုတ်ရန် ဆုံးဖြတ်ထားကြောင်း Nikkei Asia က သိရှိထားသည်။ ထိုစက်ရုံကို ယခုလထဲ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်တပ်နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့မှု ဆက်လက်ဖြစ်ပေါ်နေစဉ် ဂျပန် ကားကုမ္ပဏီသည် ယင်း၏ စက်ရုံကို စီစဥ်ထားသည့်အတိုင်း ဖွင့်လှစ်ရန်မှာ အခက်အခဲ ရှိလိမ့်မည်ဟု ကောက်ချက်ချထားခဲ့သည်။

“စက်ရုံဖွင့်လှစ်ဖို့အတွက် အချိန်ဇယားနဲ့ပတ်သက်လို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်” ဟု တိုယိုတာမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုစက်ရုံကို မြန်မာနိုင်ငံ ရန်ကုန်မြို့၏ တောင်ဘက်တွင် ယန်း ၅ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၅၂ သန်း) အကုန်အကျခံ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများထံမှ တင်သွင်းသော မော်တော်ယာဥ် အစိတ်အပိုင်း တပ်ဆင်ပစ္စည်းများဖြင့် Hilux pickup ကားများ ထုတ်လုပ်သွားရန် ရှိသည်ဟု သိရသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ရန် လူအများအပြား လမ်းများပေါ်တွင် ရှိနေဆဲ အချိန်တွင် အကယ်၍ တိုယိုတာဘက်က စက်ရုံဖွင့်လှစ်မှုကို ရှေ့တိုးလုပ်ဆောင်မည် ဆိုပါလျင် ကုမ္ပဏီအနေဖြင့် စစ်အစိုးရကို ထောက်ခံပေးလိုက်သည်ဟု ရှုမြင်ခံရနိုင်သလို အများပြည်သူထံမှကသာမက လူ့အခွင့်အရေးအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူများထံမှ တုံ့ပြန်မှုနှင့် ကြုံတွေ့ရနိုင်သည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုက ကျယ်ပြန့်ပျံ့နှံ့သော ကန့်ကွက်ဆန္ဒပြမှုများကို ဖြစ်ပေါ်ထားစေခဲ့ပြီးနောက် စက်ရုံသစ် ဖွင့်ခြင်းက ခက်ခဲသည့် အနေအထားသို့ ရောက်ရှိထားခဲ့သည်။ အလုပ်လုပ်ကိုင်သော လူအများအပြားသည် ထိုကဲ့သို့ စုဝေးဆန္ဒပြမှုများတွင် ပူးပေါင်းပါ၀င်နေသည်ဟု ယုံကြည်ရသည်။

စက်ရုံ ဖွင့်လှစ်ခြင်းအတွက် ဝေဖန်မှုနှင့် ရင်ဆိုင်ရမည့်အရေး၊ လက်ရှိအချိန် စစ်တပ် ထိန်းချုပ်မှုအောက်တွင် ရှိနေသော အစိုးရတစ်ရပ်ထံ အခွန်ဆောင်ရခြင်းနှင့် ၀င်ငွေ ရရှိခြင်းတို့နှင့်ပတ်သက်ပြီး တိုယိုတာက စိုးရိမ်ပူပန်နေသည်။

လူဦးရေ သန်း ၅၀ ခန့်မျှ ရှိသည့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ နောက်ဆုံးသော စီးပွားရေး နယ်သစ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသည်။ မော်တော်ကားထုတ်လုပ်သူများထဲတွင် ဂျပန်၏ ဆူဇူကီး မော်တာနှင့် တောင်ကိုရီးယား၏ ဟွန်ဒိုင်း မော်တာတို့သည် မြန်မာတွင် စက်ရုံများ ရှိနေနှင့်ပြီး ဖြစ်သည်။ တိုယိုတာသည် ပြည်တွင်း ထုတ်လုပ်မှု လုပ်ဆောင်ခြင်းနှင့်အတူ အခြားသောလုပ်ငန်းများကို အမှီလိုက်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် စီးပွားရေးလုပ်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရမှုမှာ တိုယိုတာ ကုမ္ပဏီတစ်ခုတည်းတော့ မဟုတ်ပေ။ ဂျပန် အဖျော်ယမကာလုပ်ငန်း ကီရင် ဟိုးဒင်းသည်လည်း မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်နှင့်အကြား ဖက်စပ် ဘီယာလုပ်ငန်းနှစ်ခု လုပ်ကိုင်ခြင်းအတွက် ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုဖက်စပ်လုပ်ငန်းများ ရပ်ဆိုင်းရန် ဆွေးနွေးမှုများကို စတင်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly