စစ်ကောင်စီ၀န်ကြီးနှင့် တွေ့ခြင်းက မြန်မာအာဏာသိမ်းမှုကို ထောက်ခံခြင်း မဟုတ်ဟု ထိုင်း၀န်ကြီးချုပ် ပြော

စစ်ကောင်စီ၀န်ကြီးနှင့် တွေ့ခြင်းက မြန်မာအာဏာသိမ်းမှုကို ထောက်ခံခြင်း မဟုတ်ဟု ထိုင်း၀န်ကြီးချုပ် ပြော
Photo: EPA

ဖေဖေါ်၀ါရီ ၂၆

မြန်မာအာဏာသိမ်းစစ်အုပ်စု ခန့်အပ်ထားသော နိုင်ငံခြားရေး၀န်ကြီးနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့မှုက အိမ်နီးချင်းမြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုကို အတည်ပြု ထောက်ခံချက်ပေးသည့် သဘောမဟုတ်ကြောင်း ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဖေဖေါ်၀ါရီ ၂၅ တွင် ပြောဆိုသွားခဲ့သည်။

ထိုင်း၀န်ကြီးချုပ်သည် စစ်အာဏာသိမ်းမှု (military coup) ဆိုသည့် ‌‌‌‌‌ဝေါဟာရကို အသုံးမပြုခဲ့သလို တွေ့ဆုံမှုအပေါ် ‌ဝေဖန်မှုများကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

“အဲဒါက တွေ့ဆုံမှုတစ်ခုအတွက် ပန်ကြားချက်တစ်ခု ဖြစ်ပါတယ်၊ နိုင်ငံတကာ ဆက်ဆံရေးအရ ဒီအစည်းအဝေးက တစ်ဘက်က ပန်ကြားလာတာကို ပြန်လည်အဖြေပေးခဲ့တာ ဖြစ်တယ်၊ ကျွန်တော့်ဘက်က တစ်ခုခုကို အတည်ပြု ထောက်ခံချက်ပေးလိုက်တယ်ဆိုပြီး အဓိပ္ပါယ်ကောက်လို့ မရပါဘူး” ဟု ပရာယွတ်က ပြောခဲ့သည်။

မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်နှင့် မတွေ့မီ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်နို မာဆူဒီနှင့်လည်း တွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးဆိုင်ရာ ဖြစ်‌ပေါ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး တရားမ၀င် ၀င်ရောက်မှု နှင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ကဲ့သို့ ကိစ္စများ ဖြစ်ကြောင်း ပရာယွတ်က ပြောသည်။

မြန်မာ့ နိုင်ငံရေးသည် ပြည်တွင်းရေး ကိစ္စတစ်ခုဖြစ်ပြီး နိုင်ငံတိုင်းတွင် မတူညီသော ပြဿနာများ ရှိကြောင်း ၎င်းက ပြောသည်။

“ထိုင်းနိုင်ငံအနေနဲ့ တစ်ခုခုကို လက်ခံရမယ် ဒါမှမဟုတ် ပယ်ချရမယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး” ဟု ၎င်းက ပြောခဲ့ပြီး အာဆီယံ ရပ်တည်ချက်ကိုလည်း ရည်ညွှန်းပြောဆိုခဲ့သည်။

မြန်မာ့ နိုင်ငံရေးကိစ္စတွင် ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် ဖျန်ဖြေပေးသူများအဖြစ် ဆောင်ရွက်သွားမည် မဟုတ်ဟု ၎င်းက ပြောဆိုခဲ့သလို အာဆီယံအနေဖြင့် ဤအခန်းကဏ္ဍကို ယူနိုင်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required