တောင်ကိုရီးယားမှာ နိုင်ငံတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု စတင်

တောင်ကိုရီးယားမှာ နိုင်ငံတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု စတင်
Photo: AFP

ဖေဖေါ်၀ါရီ ၂၆

တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု ကမ်ပိန်းကို ယနေ့ ဖေဖေါ်၀ါရီ ၂၆ ရက်မှာ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ ကပ်ရောဂါကို ထိန်းချုပ်နှိမ်နင်းဖို့အတွက် ခုနစ်လအတွင်း နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးဖို့ ရည်မှန်းထားပါတယ်။

တောင်ကိုရီးယားရဲ့ ကာကွယ်ဆေးထိုးမှု ကမ်ပိန်းရဲ့ ပထမဆုံးနေ့မှာတော့ ဘိုးဘွားရိပ်သာတွေ၊ ပြန်လည်ထူထောင်ရေး စင်တာတွေက ဆေးဘက်ဆိုင်ရာ အမှုထမ်း ၅,၀၀၀ ကျော်နဲ့ ၎င်းတို့တွေရဲ့ အသက် ၆၅ နှစ်အထက် မိဘတွေဟာ အောက်စ်ဖို့ဒ်/ အက်စထရာ ဇန်နကာ ကာကွယ်ဆေးကို ထိုးနှံခံယူကြမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၈,၉၂၂ ဦးနဲ့ သေဆုံးသူ ၁,၅၈၅ ဦး ရှိတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တရုတ်မှာ  ပေါ်ထွက်ခဲ့တဲ့နောက်ပိုင်း ယခုအခါမှာ ကမ္ဘာတ၀န်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂ ဒသမ ၅ သန်းထက်မနည်း ရှိနေခဲ့ပြီ ဖြစ်တယ်လို့ တရား၀င် သတင်းရင်းမြစ်တွေကနေ ပြုစုထားခဲ့တဲ့ အေအက်ဖ်ပီ စာရင်းတစ်ရပ်အရ သိရပါတယ်။

စုစုပေါင်းအနေနဲ့ ကမ္ဘာတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းဟာ ၁၁၂,၆၁၈,၄၈၈ ဖြစ်ပြီး သေဆုံးသူကတော့ ၂,၅၀၀,၁၇၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅၀၆,၂၃၂ ဦးနဲ့ အများဆုံး အဖြစ် ရှိနေပြီး ယင်းနောက်မှာ ဘရာဇီးက သေဆုံးသူ ၂၄၉,၉၅၇ ဦး ၊ မက္ကဆီကိုက ၁၈၂,၈၁၅ ဦး၊ အိန္ဒိယက ၁၅၆,၇၀၅ ဦးနဲ့ ယူကေက ၁၂၂,၀၇၀ ဦးတို့နဲ့ အသီးသီး ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly