အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar ၏ မော်လ်ဒိုက်ခရီးစဉ်အတွင်း ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့

By Strat News Global
26 February 2021
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar ၏ မော်လ်ဒိုက်ခရီးစဉ်အတွင်း ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့

နယူးဒေလီ။ ။ အိန္ဒိယစစ်ဘက်သုံးပစ္စည်းကိရိယာများဝယ်ယူရန်အတွက် မော်လ်ဒိုက်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(MNDF)ကို ဒေါ်လာသန်း ၅၀ ချေးငွေပေးမည်ဖြစ်ပြီး၊ မြို့တော်မာလီနှင့် ၊ Mae Atoll ရှိ Uthuru Thila Falhu (UTF) အနီးတွင် ကမ်းခြေစောင့်တပ်ဆိပ်ကမ်းတစ်ခုအတွက်လည်း အိန္ဒိယက အကူအညီပေးမည်ဖြစ်ပြီး၊ Covid ကာကွယ်ဆေးအလုံးရေ တစ်သိန်းကို ဒုတိယအသုတ်အနေဖြင့်ပေးခြင်းသည်လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar ၏ မော်လ်ဒိုက်ခရီးစဉ်အတွင်း အရေးကြီးဆုံးကိစ္စရပ်များဖြစ်ကြောင်း Strat News Global သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ချေးငွေကို လိုအပ်သောပစ္စည်းများကိုဝယ်ယူရန်အတွက် မော်လ်ဒိုက်ကာကွယ်ရေးတပ်ဖွဲ့မှအသုံးပြု မည်ဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့သဘောတူညီချက်အရ အိန္ဒိယသည်သင်္ဘောများ၊ ပြုပြင်ထိန်းသိမ်းရေးဌာနအတွက် အထောက်အပံ့များပေးရေး၊ ဝန်ထမ်းနေရာထိုင်ခင်းများအတွက် ထောက်ပံ့ပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းအပါအဝင် ဆိပ်ကမ်းတစ်ခုနှင့် သင်္ဘောကျင်းတစ်ခုကို တည်ဆောက်ထိန်းသိမ်းပေးမည်ဖြစ်သည်။

ယင်းအတွက် သုံးနှစ်ကြာမြင့်မည်ဟု မျှော်မှန်းထားပြီး၊ အိန္ဒိယသည် သင်္ဘောကျင်းတွင်ရှိသော ပစ္စည်းကိရိယာများအတွက် ၁၅ နှစ်ကြာ ပြုပြင်ထိန်းသိမ်းရေးအကူအညီများပေးမည်ဖြစ်သည်။ သတင်းရင်းမြစ်များက Strat News သို့ ပြောကြားရာတွင် HADR (လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး)နှင့်ပူးတွဲ EEZ (သီးသန့်စီးပွားရေးဇုန်) စောင့်ကြည့်လေ့လာရေးစနစ်အတွက် လာရောက်သော အိန္ဒိယသင်္ဘောများသည် ဆိပ်ကမ်း တည်ဆောက်ပြီးပါက လောင်စာဖြည့်တင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါသဘောတူညီချက်သည် ဒေသဆိုင်ရာ HADR လုပ်ငန်းဆောင်တာများဆောင်ရွက်ရာ၌ မော်လ်ဒိုက် ကမ်းခြေစောင့်တပ်ဖွဲ့၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ပြီး အထောက်အကူလည်း ပြုလိမ့်မည်ဟု Jaishankar က တွစ်တာတွင် ရေးသားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Mariya Didi ကလည်း မော်လ်ဒိုက်နှင့် အိန္ဒိယတို့ နှစ်နိုင်ငံအနေနှင့် ယခင်ကတည်းကတည်ရှိခဲ့သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် သိသာ ထင်ရှားသည့် မှတ်ကျောက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

MNDF က နိုင်ငံခြားစစ်သားများကို မည်သည့်နေရာတွင်မျှ တပ်စွဲခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း၊ အတိုက်အခံညွန့်ပေါင်းပြည်သူ့အမျိုးသားညီလာခံ (PNC) မှ ဒု-ဥက္ကဋ္ဌ Mohamed Hussain Shareef က Strat News သို့ ပြောကြားရာတွင် MNDF သည်“ အတိအကျ” ရှင်းလင်းပြောကြားခြင်း မရှိသေးကြောင်းဆိုခဲ့သည်။ “ပါတီတစ်ခုအနေနဲ့ ဘယ်နိုင်ငံက နိုင်ငံခြားတပ်တွေမဆို၊ ဘယ်ပုံစံမျိုးနဲ့ဖြစ်ဖြစ် ကျွန်တော်တို့မြေမှာ တပ်စွဲမယ့်ကိစ္စကို ဆန့်ကျင်ကန့်ကွက်ပါတယ်”ဟု ထပ်လောင်းပြောကြားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly