တရုတ်နိုင်ငံ၏ ဝီဂါမွတ်စလင်များအပေါ် ဖိနှိပ်မှုအား လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကြေငြာရန် ကနေဒါ ပါလီမန်က အစိုးရသို့ တောင်းဆိုလိုက်

တရုတ်နိုင်ငံ၏ ဝီဂါမွတ်စလင်များအပေါ် ဖိနှိပ်မှုအား လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကြေငြာရန် ကနေဒါ ပါလီမန်က အစိုးရသို့ တောင်းဆိုလိုက်
Photo: EPA

Xinjiang ပြည်နယ်အတွင်းရှိ ဝီဂါမွတ်စလင်များအပေါ် တရုတ်အာဏာပိုင်များ၏ ဖိနှိပ်မှုအား လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကနေဒါအစိုးရက ကြေညာပေးရန် အဆိုတစ်ရပ်အား ကနေဒါ အောက်လွှတ်တော်က တင်သွင်းအတည်ပြုလိုက်သည်။

အစိုးရကိုယ်စား မဲပေးခြင်းမပြုခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး မက် ဂါနီယာ တက်ရောက်သော တနင်္လာနေ့ အစည်းအဝေးတွင် အဆိုပါ အဆိုပြုချက်အား ထောက်ခံမဲ ၂၆၆ မဲနှင့် ကန့်ကွက်မဲမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုးနှင့် အာဏာရ လစ်ဘရယ်ပါတီအဖွဲ့ဝင်ပေါင်း ၆၀ ကျော်ကမူ မဲပေးရန် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

ကနေဒါနိုင်ငံ၏ ရှေးရိုးစွဲဝါဒီပါတီ Bloc Quebecois၊ New Democrat နှင့် Green ပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက အဆိုပါ အဆိုပြုချက်အတွက် တညီတညွတ်တည်း မဲပေးခဲ့ကြခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်ရန် စတင်ကြိုးပမ်းခဲ့သည့် ရှေးရိုးစွဲပါတီခေါင်းဆောင် အာရင် အိုတူးလီက ယခုမဲပေးပွဲသို့ ထရူဒိုးမတက်ရောက်ခြင်းအပေါ် ဝေဖန်ပြောကြားခဲ့သည့်အပြင် လွှတ်တော်ဆန္ဒကို လေးစားရန်နှင့် ဘေကျင်းတွင်ကျင်းပမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် ၎င်း၏ တောင်းဆိုမှုအား လိုက်လျောရန် ထပ်မံပြောကြားခဲ့သည်။

သို့သော် အဆိုပါတောင်းဆိုမှုအား လက်တွေ့ဖော်ဆောင်ရန် မဖြစ်နိုင်သော အခြေအနေနှင့် ဝန်ကြီးချုပ် ထရူဒိုး၏ ယခင်မှတ်ချက်များအရ ဤအဆိုပြုချက်အား လက်တွေ့ထပ်မံဖောင်ဆောင်ရန် အလားအလာ နည်းပါးလျက်ရှိသည်။ ဝန်ကြီးချုပ် ထရူဒိုးသည် “လူမျိုးတုန်း သတ်ဖြတ်မှု” ဟူသော အသုံးအနှုန်းအား ယခင်က သတိကြီးကြီး ပယ်ချခဲ့ပြီး ၎င်းသည် တင်းကြပ်သော နိုင်ငံတကာ လမ်းညွှန်ချက်များပါဝင်သည့် စကားရပ်တစ်ခုဖြစ်ပြီး ၎င်းစကားရပ်ကို မှားယွင်းစွာ အသုံးပြုခြင်းကြောင့် စိတ်ပါဝင်စားမှု နည်းပါးသွားနိုင်သည်ဟု ပြောကြားထားသည်။

ကနေဒါနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များအပေါ် အလေးအနက်ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဂါနီယာက ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် ထရူဒိုးကဲ့သို့ပင် ဤကိစ္စအား နိုင်ငံတကာ စစ်ဆေးမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

“ကနေဒါအစိုးရအနေနဲ့ ထိရှလွယ်တဲ့ လူနည်းစုတွေကို ကာကွယ်ဖို့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆက်လက် ပူးပေါင်းသွားမှာ ဖြစ်သလို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေအတွက် ပွင့်လင်းမြင်သာပြီး အများလက်ခံနိုင်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပေးဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်။ ခုလို စုံစမ်းစစ်ဆေးမှုကို နိုင်ငံတကာက လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ပြုလုပ်ရမှာပါ။ ဒါမှသာ သမာသမတ်ကျတဲ့ ကျွမ်းကျင်ပညာရှင်တွေက လက်ရှိအခြေအနေအပေါ် ကိုယ်တိုင်ကိုယ်ကျ လေ့လာ အစီအရင်ခံနိုင်မှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီး ဂါနာယာက ပြောကြားခဲ့သည်။

ယခင်သတင်းပတ်အတွင်း ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကောင်ပိုင်ဝူနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် တရုတ်အစိုးရအပေါ် စွပ်စွဲပြောကြားမှုများအားလုံးအား ငြင်းဆိုထားသည်။ Xianjing ပြည်နယ်အတွင်းရှိ လုပ်ဆောင်ချက်မှန်သမျှသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး ကနေဒါအစိုးရအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly