အိန္ဒိယက ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံက ထောက်ခံ၊ သမ္မတရှီ တက်ရောက်ဖွယ်ရှိ

By ZEE5
26 February 2021
အိန္ဒိယက ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံက ထောက်ခံ၊ သမ္မတရှီ တက်ရောက်ဖွယ်ရှိ
Photo: EPA

နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် လိပ်ခဲတည်းလဲ အခြေအနေများကြောင့် တရုတ်နှင့် အိန္ဒိယကြား လများစွာကြာ တင်းမာမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုနှစ်အတွင်း ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးအား အိန္ဒိယနိုင်ငံက ဦးဆောင်မှုအပေါ် ထောက်ခံသွားမည်ဟု တရုတ်နိုင်ငံက ပြောကြားလိုက်သည်။

ဘရာဇီး၊ ရုရှနှင့် တောင်အာဖရိကတို့ပါဝင်သည့် ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စုဖြစ်သည့် BRICS ၏ နှစ်စဉ်ထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပသောတာဝန်အား အိန္ဒိယ အစိုးရက ရယူထားပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်နှောင်းပိုင်းအတွင်း ကျင်းပမည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ တရုတ်သမ္မတ Xi Jinping တက်ရောက်သွားဖွယ်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

သမ္မတရှီအနေဖြင့် အဆိုပါထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်သွားဖွယ် ရှိ၊မရှိနှင့် နယ်စပ်တင်းမာမှုကြောင့် ၎င်းတို့၏ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်မှု ရှိ၊မရှိဆိုခြင်းတို့အား မေးမြန်းရာတွင် BRICS သည် သြဇာလွှမ်းမိုးမှုရှိသော အစုအဖွဲ့တစ်ခု ဖြစ်လာပြီဖြစ်ပြီး အိမ်ရှင်အဖြစ် ကျင်းပရမည့် အိန္ဒိယ အစိုးရ၏ ကြိုးပမ်းမှုများအပေါ် တရုတ်အစိုးရက ထောက်ခံသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ် ဝီဘင်က ပြောကြားခဲ့သည်ဟု South China Morning Post (SCMP) သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“တရုတ်နိုင်ငံမှာ BRICS ယန္တရားအစိတ်အပိုင်းအတွက် အလွန်အရေးပါတဲ့ ပတ်သက်ဆက်နွယ်မှု ရှိပါတယ်” ဟု တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဝမ်က ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံရဲ့ ဆွေးနွေးပွဲ လက်ခံကျင်းပမှုကို ထောက်ခံသလို စီးပွားရေး၊ နိုင်ငံရေးနဲ့ နိုင်ငံသားအချင်းအချင်းကြား ကူးလူးဆက်ဆံမှုတွေ တိုးမြှင့်မယ့် အိန္ဒိယနဲ့ အခြား BRICS နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုပါတယ်” ဟုလည်း ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။

ပန်ဂွန်ကန်ဒေသရှိ ရှေ့တန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွါမှုအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းအပေါ် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က “အပြုသဘောဆောင်သော တန်ဖိုးထားမှု” ကို ပြသခဲ့သည့်အပြင် နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်မှ အခြားပြဿနာရပ်များအတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မည့် ဆက်သွယ်ကြိုးပမ်းမှုများ ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ပြီးနောက် ဝမ်၏ ထုတ်ပြန် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် တရုတ်တပ်မတော်၏ အပြုအမူများကြောင့် နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် ယမန်နှစ် ဧပြီ-မေလကတည်းက လိပ်ခဲတည်းလဲ အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပြီး စစ်ဘက်ဆိုင်ရာနှင့် သံတမန်ရေးရာ ပြောဆိုဆွေးနွေးမှုများစွာကို ပြုလုပ်ခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly