ဖေဖော်ဝါရီ ၂၅
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးကို အာဏာသိမ်းချိန်မှစ၍ လူ့အခွင့်ရေးချိုးဖောက်မှုများကို ကြီးကြပ်ရာတွင်ပါဝင်သည့် ၎င်းတို့ကဏ္ဍများအတွက် အရေးယူဒဏ်ခတ်ပိတ်ဆို့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာလိုက်သည်။
အရေးယူဒဏ်ခတ်ပိတ်ဆို့ခံသွားရမည့်သူများမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့ဖြစ်သည်။
ဗြိတိန်အစိုးရမှ စာရင်းပြုစုပြီးသား အရေးယူဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ပြီးသူ တပ်မတော်မှ ၁၉ ဦးရှိထားပြီး ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် တပ်ဘက်ဆိုင်ရာ ခြောက်ဦးကို ထပ်မံ ထုတ်ပြန်ခြင်းဖြစ်သည်။
ဗြိတိန်စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများနှင့် ကုန်သွယ်မှုမရှိစေရန် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာနက ဦးဆောင်ကြီးကြပ်သွားမည်ဖြစ်ကာ စစ်အစိုးရကို သွယ်ဝိုက်ပံ့ပိုးမှုဖြစ်စေနိုင်သည့် UK aid အကူအညီများကိုလည်း ရပ်ဆိုင်းထားပြီး ဆင်းရဲအနွမ်းပါးဆုံးနှင့် အထိခိုက်အလွယ်ဆုံးဖြစ်သည့် ပြည်သူလူထုအကူအညီရရေး အလေးထားဆောင်ရွက်သွားမည်ဟုဆိုသည်။
အရေးယူမှုပိတ်ဆို့ခံရသူများသည် ဗြိတိန်သို့ ခရီးသွားလာခွင့်တားမြစ်ခံရမည်ဖြစ်ပြီး ဗြိတိန်ရှိ ၎င်းတို့၏ ငွေကြေး သို့မဟုတ် စီးပွားရေးဆိုင်ရာရင်းမြစ်များနှင့် ဆက်စပ်သော လုပ်ငန်းများနှင့်အဖွဲ့အစည်းများကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်သည်။
“ဒီနေ့ထုတ်ပြန်တဲ့အရေးယူမှုဟာ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူသွားမယ့်အကြောင်းနဲ့ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးရမယ့်အကြောင်း စစ်အစိုးရကို ရှင်းလင်းပြတ်သားစွာ ပြောကြားလိုက်တာဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်မနစ်ရက်ဘ်က ဆိုသည်။
ဒေါမနစ်ရက်ဘ်က “မြန်မာပြည်သူလူထုအတွက်ကျွန်တော့်ရဲ့ သတင်းစကားက ရိုးရိုးရှင်းရှင်းလေးပါ။ ယူကေဟာ မြန်မာတို့ရဲ့ ဒီမိုကရေစီရပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အထောက်အကူပြုဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ နီးကပ်စွာပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
ဗြိတိန်သည် ပြီးခဲ့သောသီတင်းပတ်ကလည်း စစ်ကောင်စီမှ အဖွဲ့ဝင်သုံးဦးကို အရေးယူဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။ ၎င်းဒဏ်ခတ်ပိတ်ဆို့မှုသည် အာဏာသိမ်းစဉ်အတွင်း ရဲနှင့်စစ်တပ်မှကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တိုက်ရိုက်တာဝန်ရှိသူများကို အဓိကထားခဲ့ခြင်းဖြစ်သည်။
အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်၍ ဗြိတိန်သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအားလုံးကို ယာယီဆိုင်းငံ့သွားမည်ဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ ချဉ်းကပ်မှုကို ပြန်လည်ပြုပြင်သွားရန် ဗြိတိန်စီးပွားရေးလုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်းများဖြင့် လုပ်ဆောင်သွားမည်ဟုဆိုသည်။














