Xinjiang သို့ ဝင်ရောက်ခွင့်ပေးရန် ဗြိတိန်က ကုလသမဂ္ဂတွင် တောင်းဆိုမည် 

Xinjiang သို့ ဝင်ရောက်ခွင့်ပေးရန် ဗြိတိန်က ကုလသမဂ္ဂတွင် တောင်းဆိုမည် 

တရုတ်နိုင်ငံ Xinjiang ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကို စုံစမ်းစစ်ဆေးရန်အတွက် အဆိုပါဒေသသို့ “အရေးပေါ် လွတ်လွတ်လပ်လပ်” ဝင်ရောက်ခွင့်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့ လာမည့် တနင်္လာနေ့တွင် ဗြိတိန်နိုင်ငံက တောင်းဆိုသွားမည်ဟု ဒေးလီးမေးသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က မဲပေးပိုင်ခွင့်ရှိသော အဖွဲ့ဝင်နိုင်ငံ တစ်ခုအဖြစ် တရုတ်နှင့် ရုရှားတို့၏ လူ့အခွင့်အရေးမှတ်တမ်းများကို ပြစ်တင်ဝေဖန်မှုများ ပြုလုပ်သွားမည့်အပြင် မြန်မာနှင့် ဘီလာရုစ်တို့အတွက် စိုးရိမ်ပူပန်မှုများအကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားမည်ဟု ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးရုံးမှ ထုတ်ပြန်ထားသည်။ 

တရုတ်နိုင်ငံ၏ အရေးတွင် ညှင်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ လုပ်အားပေးမှု၊ ဖိအားပေး၍ အမျိုးသမီးများကို သားကြောဖြတ်မှုများအပါအဝင် Xinjiang ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများအကြောင်း Raab က ရည်ညွှန်းပြောဆိုသွားမည် ဖြစ်သည်။ “ဒါတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ”ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားရန် စီစဉ်ထားသည်ဟု ၎င်း၏ ရုံးက ထုတ်ပြန်ထားသည်။ 

“လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး သို့မဟုတ် အခြားလွတ်လပ်သော အချက်အလက်ရှာဖွေရေး ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့အား Xinjiang ပြည်နယ်အတွင်းသို့ အလျင်အမြန် လွတ်လွတ်လပ်လပ် မဖြစ်မနေ ဝင်ခွင့်ပေးရန် ကျွန်ုပ်ထပ်မံတိုက်တွန်းလိုပါသည်” ဟု ပြောကြားရန် စီစဉ်ထားခြင်း ဖြစ်သည်။ 

Xinjiang ပြည်နယ်အတွင်းတွင် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးရည်ရွယ်သည်ဟုဆိုသော “အသက်မွေးဝမ်းကြောင်းမှု စင်တာများ”အဖြစ် တရုတ်အစိုးရက ဖော်ပြထားသည့် အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်မှုများအား တရုတ်နိုင်ငံက ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံအပေါ် ဝေဖန်သူများက ၎င်းအဆောက်အအုံများအား အကျဉ်းစခန်းများဟု သတ်မှတ်ခေါ်ဆိုထားသည်။ 

ဝီဂါနှင့် အခြားမွတ်ဆလင် တစ်သန်းကျော်အား Xinjiang ပြည်နယ်အတွင်း ထိန်းသိမ်းထားသည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly