အမေရိကန်နှင့် မဟာမိတ်များက ‘တရုတ်မပါသော’ နည်းပညာ ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်မည်

အမေရိကန်နှင့် မဟာမိတ်များက ‘တရုတ်မပါသော’ နည်းပညာ ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်မည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်း၍ တရုတ်အပေါ် မှီခိုအားထားမှု နည်းပါးသော ချစ်ပ်များနှင့် အခြားအရေးပါသော ထုတ်ကုန်များအတွက် ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ရန် ကြိုးပမ်းမှုကို အရှိန်မြှင့်ရန် ယခုလအစောပိုင်းတွင် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

၎င်းစာရွက်စာတမ်းသည် အမျိုးသားထောက်ပံ့ရေးကွင်းဆက် မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေးကို အမိန့်ပေးလိမ့်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များနှင့် ဖော်ရွေမှုမရှိသော နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကဲ့သို့သော အနှောင့်အယှက်ပေးမှုများ နည်းပါးသော ထောက်ပံ့ရေး ကွန်ယက်များအတွက် အကြံဉာဏ်များပေးရန် မျှော်လင့်ရသည်။ ဆောင်ရွက်ချက်များသည် တစ်ပိုင်းလျှပ်ကူးများ၊ လျှပ်စစ်ယာဉ်ဘက်ထရီများ၊ မြေရှားသတ္တုများနှင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များအပေါ် အာရုံစူးစိုက်လိမ့်မည်ဖြစ်ကြောင်း Nikkei မှရရှိသော မူကြမ်းအရ သိရသည်။

အမိန့်တွင် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးသည် ဤအစီအစဉ်တွင် အဓိကကျလိမ့်မည်ဟု အကြံပြုထားကာ “မဟာမိတ်များနှင့် အလုပ်လုပ်ခြင်းသည် ခိုင်မာသော၊ ခံနိုင်ရည်ရှိသည့် ထောက်ပံ့ရေးကွင်းဆက်များသို့ ဦးတည်သွားစေနိုင်သည်” ဟု ဖော်ပြထားသည်။ ဝါရှင်တန်သည် ချစ်ပ်ထုတ်လုပ်ခြင်းတွင် ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား လက်တွဲကာ မြေရှားသတ္တုတွင် သြစတြေးလျအပါအဝင် အာရှပစိဖိတ်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်ရသည်။

အမေရိကန်သည် အရေးကြီးသော ထုတ်ကုန်များအတွက် ထောက်ပံ့ရေးကွန်ယက်များရှိ မဟာမိတ်များနှင့် သတင်းအချက်အလက် မျှဝေရန် စီစဉ်ထားပြီး ဖြည့်စွက်ထုတ်လုပ်မှုကို မြှင့်တင်ရန် ကြိုးစားလိမ့်မည်။ ၎င်းအချက်များကို အရေးပေါ်အခြေအနေများတွင် အလျင်အမြန် မျှဝေရန် မူဘောင်တစ်ခုကို စဉ်းစားပြီး သိုလှောင်သိမ်းဆည်းမှုနှင့် အပိုထုတ်လုပ်မှု စွမ်းရည် ထိန်းသိမ်းခြင်းများကို ဆွေးနွေးမည်။

မိတ်ဖက်များအား တရုတ်နှင့် စီးပွားရေး လျော့လုပ်ရန် တောင်းဆိုနိုင်သည်။

မော်တော်ကားထုတ်လုပ်သူများအား အထူးသဖြင့် အကြီးအကျယ် ထိခိုက်စေခဲ့သည့် ယခုနှစ် ချစ်ပ်ရှားပါးမှုနှင့် ပတ်သက်၍ ပြဿနာက ပို၍ အရေးတကြီး ဖြစ်လာခဲ့သည်။

Boston Consulting Group ၏အဆိုအရ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူး ထုတ်လုပ်မှုစွမ်းရည်၏ ရှယ်ယာများတွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ကျဆင်းသွားသည်ကို တွေ့ခဲ့ရသည်။ ၁၉၉၀ တွင် ၃၇ရာခိုင်နှုန်း ရှိရာယခု ၁၂ရာခိုင်နှုန်းသို့ ကျသွားသည်။

 ထုတ်လုပ်မှုကို တိုးမြှင့်ပေးရန် ၂၂ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရှိခဲ့သော ထိုင်ဝမ်ကို ၂၂ တောင်းဆိုခဲ့သော်လည်း စက်ရုံးများသည် အပြည့်အဝလည်ပတ်နေပြီး ရေတိုတွင် ထောက်ပံ့မှုကို မြှင့်တင်ရန် ရွေးချယ်စရာ အနည်းငယ်သာရှိသည်။

တစ်ချိန်တည်းမှာပင် ခန့်မှန်းခြေအားဖြင့် အစိုးရထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံ ဖြင့် ကူညီသောတရုတ်သည် ၂၀၃၀ တွင် ၂၄ ရာခိုင်နှုန်းဖြင့် ကမ္ဘာကို ဦးဆောင်လိမ့်မည်ဟု Boston Consulting က ခန့်မှန်းထားသည်။

အရေးကြီးသော ကုန်ပစ္စည်းများအတွက် တရုတ်အပေါ် အလွန်အမင်းမှီခိုရခြင်းသည် လုံခြုံရေး အန္တရာယ်ရှိသည်။ တရုတ်သည် ကုန်သွယ်ရေး လုပ်ဖော်ကိုင်ဖက်များအား ဖိအားပေးရန်အတွက် တရုတ်မှ Diaoyu ဟုခေါ်ဆိုသည့် ဂျပန်အုပ်ချုပ်သည့် စန်ခခုကျွန်းများအပေါ် တင်းမာမှုများအကြား ၂၀၁၀တွင် ဂျပန်သို့ မြေရှားသတ္တု တင်ပို့မှုကို ပိတ်ဆို့ခြင်းစသည့် စည်းမျဉ်းများကိုအသုံးပြုခဲ့သည်။

အမေရိကန်သည် ၎င်း၏မြေရှားသတ္တုများ၏ ၈၀ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံမှ တင်သွင်းပြီး၊ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ၏ ၉၀ ရာခိုင်နှုန်းခန့်အတွက် မှီခိုနေရသည်။

ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်တည်ဆောက်ခြင်းသည် အချိန်အတော်အတန် ကြာနိုင်သည်။ အထူးသဖြင့် တစ်ပိုင်းလျှပ်ကူးများ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်းချစ်ပ်ထုတ်လုပ်သူ အရေအတွက်သည် အကန့်အသတ် ရှိသဖြင့် ၎င်းကုမ္ပဏီများသည် အမေရိကန်၏ ဦးဆောင်မှုကို လိုက်နာသင့်မသင့် ဆုံးဖြတ်ရန် သြဇာရှိသည်။ ထိုသို့လုပ်ဆောင်ရန်အတွက် အခြားအစိုးရများထံမှ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်လိမ့်မည်။

“အခုအချိန်မှာတော့ အမေရိကန်ဟာ တစ်ပိုင်းလျှပ်ကူးနဲ့ မြေရှားသတ္တုတွေအတွက် ဘယ်နိုင်ငံပေါ်မှာ ဘယ်လောက် မှီခိုတယ်ဆိုတာကို ခွဲခြားသိနိုင်ဖို့ ထောက်ပံ့ရေးကွင်းဆက်တွေကို အသေအချာ ပြန်လည်သုံးသပ်လိမ့်မယ်။  နောက်ပြီးတော့ သူဟာ မဟာမိတ်တွေနဲ့ တန်ပြန်မှုတွေကို ဖျက်သိမ်းလိမ့်မယ်”ဟု ဂျပန်အစိုးရ အရင်းအမြစ်က ပြောကြားခဲ့သည်။

ဝါရှင်တန်သည် ပြီးခဲ့သည့် ဆောင်းဦးရာသီမှစ၍ အဖိုးတန်သော နည်းပညာ သို့မဟုတ် အရင်းအမြစ်များဖြစ်သည့် ထိုင်ဝမ်၊ ဂျပန်နှင့် သြစတြေးလျစသည့် စီးပွားရေးများအား ပေကျင်းနှင့် တင်းမာမှုများကြားတွင် တရုတ်မှ ထောက်ပံ့ရေးချည်နှောင်ခြင်းကို ဖြိုခွဲရန် တောင်းဆိုခဲ့ပြီး အခြေခံကျသော အုတ်မြစ်ချခြင်းကို စတင်ခဲ့သည်။

တိုင်ပေသည် တုံ့ပြန်ရန် အထူး လျင်မြန်ခဲ့သည်။ တစ်ပိုင်းလျှပ်ကူးနှင့် ပဉ္စမမျိုးဆက် ဝါယာမဲ့နှုင့် လုံခြုံ စိတ်ချပြီး ယုံကြည်ရသော ထောက်ပံ့ရေးကွင်းဆက်များ အပါအဝင် နယ်ပယ်၇ခုတွင် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အမေရိကန်နှင့် ထိုင်ဝမ်မှ အဆင့်မြင့်အရာရှိကြီးများသည် နားလည်မှုစာချွန်လွှာကို နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံး ချစ်ပ်ကုမ္ပဏီဖြစ်သော ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးထုတ်လုပ်ရေး ကုမ္ပဏီ လိမိတက် (TSMC) သည် ပြီးခဲ့သည့် နွေဦးတွင် အရီဇိုးနားပြည်နယ်တွင် ၎င်းနှစ်နိုင်ငံ ဆက်ဆံရေး၏ သင်္ကေတဖြစ်လာနိုင်သည့် စက်ရုံတစ်ရုံ တည်ဆောက်ရန် သဘောတူခဲ့သည်။ ချစ်ပ်ထုတ်လုပ်သူက စက်ရုံတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၎င်းသည်စစ်တပ်အတွက် တစ်ပိုင်းလျှပ်ကူးများ ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၄ တွင် အွန်လိုင်းသို့ ရောက်ရှိရန် စီစဉ်ထားသည်။ အမေရိကန်အစိုးရသည် စီမံကိန်းအတွက် ထောက်ပံ့မှုများ ပေးနေသည်။

ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပိုမိုခိုင်မာသော သုံးလမ်းထောက်ပံ့ ကွန်ယက်ကို တည်ဆောက်ရန်သာမက ဂျပန်ကို လုံခြုံစိတ်ချရသော အနာဂတ်ရှိသည့် နောက်ဆုံးပေါ် ချစ်ပ်များကိုလည်းထောက်ပံ့ပေးရန် ပြီးခဲ့သည့် နှစ်မှစ၍ TSMC အား ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။ ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဖြစ်နိုင်ခြေရှိသော စက်ရုံအတွက် ကော်ဇောနီကို စတင်ရန် အစိုးရက ယန်းဘီလီယံ ၂၀၀ (အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ) လျာထားသည်။

၎င်းသည် ရလဒ်ကောင်းများ ထွက်ပေါ်လာနေပုံပေါ်သည်။ ဂျပန်တွင် TSMC သည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာကို တည်ဆောက်ရန် စီစဉ်နေကြောင်း ယခုလအတွင်း Nikkei က သိရသည်။

မြေရှားသတ္တုများတွင် အမေရိကန်ပြည်ထောင်စုသည် သြစတြေးလျနှင့် ပူးပေါင်း၍ တရုတ်၏ လွှမ်းမိုးမှုကို လှည့်ပတ်နေသည်။ သြစတြေးလျ မြေရှားသတ္တု လုပ်ငန်းရှင် Lynas သည် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေး အထောက်အပံ့ဖြင့် တက္ကဆက်ပြည်နယ်တွင် ထုတ်လုပ်ရေးစက်ရုံတစ်ခု တည်ဆောက်နေသည်။

Panasonic နှင့်တောင်ကိုရီးယား LG Chem တို့သည် တရုတ်ပြိုင်ဘက်များထံသို့ ဈေးကွက်ဝေစု ဆုံးရှုံးသွားသောကြောင့် လျှပ်စစ်ကားဘက်ထရီများသည် လုပ်ဆောင်ရန် လိုအပ်သည့် အခြားနေရာတစ်ခုဖြစ်သည်။

သို့သော် 5G ကဲ့သို့သော အခြားနယ်ပယ်များတွင်မူ ဟွာဝေး ကဲ့သို့သော ဈေးနှုန်းယှဉ်ပြိုင်နိုင်သည့် တရုတ်ကုန်ပစ္စည်းပေးသွင်းသူများ၏ လက်လှမ်းမီမှု ဆုံးရှုံးသွားသော အမေရိကန်နှင့် ဂျပန်ကုမ္ပဏီများအတွက် ဈေးကွက်ရှာဖွေရေး ကွင်းဆက်အသစ်များသည် ဈေးကြီးနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required