အမေရိကန် သံတမန်များအား စအိုဝ တို့ဖတ်နမူနာယူပြီး ကိုဗစ်-၁၉ စမ်းသပ်ခဲ့ခြင်း မရှိဟု တရုတ် ငြင်း

 အမေရိကန် သံတမန်များအား စအိုဝ တို့ဖတ်နမူနာယူပြီး ကိုဗစ်-၁၉ စမ်းသပ်ခဲ့ခြင်း မရှိဟု တရုတ် ငြင်း
Photo: AFP

စအိုဝ တို့ဖတ်နမူနာဖြင့် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုကို တရုတ်နိုင်ငံက လုပ်ဆောင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အမှုထမ်းများက တိုင်ကြားကြကြောင်း အမေရိကန် မီဒီယာသတင်းတွင် သတင်းဖော်ပြခဲ့သည့်နောက်၌ အမေရိကန် သံတမန်များကို စအိုဝ တို့ဖတ်နမူနာယူ၍ ကိုဗစ်-၁၉ စမ်းသပ်ခိုင်းခြင်းများ မလုပ်ဆောင်ကြောင်း တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂၅ ရက်တွင် ငြင်းဆန်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် အစာခြေစနစ်တွင် ပို၍ ရှည်ကြာစွာ နေထိုင်နိုင်ခြင်းကြောင့် လည်ချောင်းနှင့် နှာခေါင်းတို့မှ တို့ဖတ်ယူခြင်းထက် စအိုဝမှ တို့ဖတ်နမူနာယူကာ စမ်းသပ်စစ်ဆေးခြင်းသည် ပို၍ ထိရောက်မှု ရှိနိုင်သည်ဟု ကိုရိုနာဗိုင်းရပ်စ်အား ပြည်တွင်း၌ တော်တော်များများ ထိန်းချုပ်နိုင်ထားသည့် တရုတ်နိုင်ငံက ပြီးခဲ့သည့်လအတွင်း ပြောခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများသည် လုပ်ထုံးလုပ်နည်းအရ သံတမန်ကင်းလွတ်ခွင့် ရှိထားသော်လည်း အလွဲနည်းလမ်းဖြင့် စမ်းသပ်စစ်ဆေးမှု ခံကြရကြောင်း အမေရိကန် တာဝန်ရှိသူများကို ကိုးကားပြီး Vice နှင့် Washington Post တို့၏ သတင်းဖော်ပြချက်ကို တရုတ်က ငြင်းဆန်သည်။

“တရုတ်နိုင်ငံတွင်းက အမေရိကန် သံတမန်အမှုထမ်းတွေကို စအိုဝ တို့ဖတ်နမူနာနဲ့ စမ်းသပ်စစ်ဆေးခံဖို့ ဘယ်တုန်းကမျှ တိုက်တွန်းပြောဆိုခဲ့တာ မရှိပါ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရှောက်လီကျန်းက ကြာသပတေးနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဘေးမြင့်မားသည်ဟု ယူဆသော အရပ်ဒေသများအပါအဝင် အချို့သော နိုင်ငံတကာခရီးသွားများကို စအိုဝ တို့ဖတ်နမူနာယူကာ ကိုဗစ်-၁၉ စမ်းသပ်မှုအား တာဝန်ရှိသူများက အသုံးပြုလေ့ရှိသည်။

ပေကျင်းတွင် ဇန်နဝါရီလအတွင်းက အသေးစား ကူးစက်ဖြစ်ပွားမှုများ ဖြစ်ချိန်၌ ထိုသို့ စအိုဝ တို့ဖတ်နမူနာယူ စမ်းသပ်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် စိတ်ပျက်ဖွယ် မဖွယ်မရာအဖြစ် တွစ်တာကဲ့သို့ Weibo လူမှုမီဒီယာတွင် တုံ့ပြန်မှုများ သောသောညံသွားခဲ့သည်။

တာဝန်ရှိသူများကိုယ်တိုင်လည်း အခြားသော စမ်းသပ်နည်းလမ်းများထက် စအိုဝ တို့ဖတ်နမူနာဖြင့် စမ်းသပ်မှုသည် အချိန်ကုန် လူပန်းပြီး လက်တွေ့၌ အခက်အခဲများကြောင်း ဝန်ခံပြောဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly