ကက်ရှ်မီးယားဒေသ၌ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုရပ်စဲရေး အိန္ဒိယနှင့်ပါကစ္စတန် သဘောတူ 

 ကက်ရှ်မီးယားဒေသ၌ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုရပ်စဲရေး အိန္ဒိယနှင့်ပါကစ္စတန် သဘောတူ 
Photo: EPA

ဖေဖော်ဝါရီ ၂၅ 

အိန္ဒိယနှင့်ပါကစ္စတန်စစ်တပ်တို့သည် ကက်ရှ်မီးယားဒေသရှိ အငြင်းပွားနယ်စပ်တစ်လျှောက်တွင် အပစ်အခတ်များရပ်စဲရန် သဘောတူညီခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောသည်။ အဆိုပါဒေသသည် များမကြာမီလများအတွင်းက ပစ်ခတ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ သေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါကျိုးပဲ့ထိခိုက်ခြင်းများပင် ရှိခဲ့သည်။ 

“နယ်စပ်တစ်လျှောက် အပြန်အလှန်အားဖြင့် အကျိုးဖြစ်ထွန်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အလို့ငှာ ကြည်းတပ်စစ်ဆင်ရေးဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ (DGsMO) သည် ငြိမ်းချမ်းရေးနှောင့်ယှက်ခြင်းနှင့် အကြမ်းဖက်မှုများ ဦးတည်စေနိုင်သော အလားအလာရှိသည့် တစ်နိုင်ငံချင်းစီ၏ အဓိကပြဿနာရပ်များနှင့် စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်ဟု ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

နျူကလီးယားလက်နက်ပိုင်သော အိမ်နီးချင်းနိုင်ငံများသည်  ၂၀၀၃ ခုနှစ်က ကက်ရှ်မီးယားရှိ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်တွင် အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်း မကြာသေးမီနှစ်များက အဆိုပါသဘောတူညီချက် ပျက်ပြယ်သွားခဲ့ခြင်းဖြစ်သည်။ 

နယ်စပ်တစ်လျှောက်တွင် နေထိုင်ကြသော မြေစာပင်ဖြစ်နေရရှာသည့် ပြည်သူများအတွက် ဆိုးရွားသောအခြေအနေများကို သက်သာစေရန် တစ်စိတ်တစ်ပိုင်းရည်ရွယ်လျက် အပစ်အခတ်ရပ်စဲခြင်းဖြစ်ကြောင်း နယူးဒေလီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်မှာ အကြမ်းဖက်မှုပမာဏနဲ့ တင်းမာမှုတွေ ကျဆင်းလာမယ်ဆိုတာကို ကျွန်တော်တို့တွေ ယုံကြည်ပါတယ်” ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။  

သို့သော် အိန္ဒိယသည် ကက်ရှ်မီးယားတောင်ကြားဒေသတွင် ထိုးဖောက်ဝင်ရောက်ခြင်း သို့မဟုတ် သောင်းကျန်းမှုနှိမ်နင်းခြင်းစစ်ဆင်ရေးများကို ရပ်တန့်ရန်ရည်ရွယ်သော ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် တပ်ဖြန့်ထားမှုကိုမူ လျှော့ချမည်မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့်နွေရာသီ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေသည့်ကြားက အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များသည် မကြာခဏဖြစ်ပွားသော အနည်းဆုံး နှစ်,နှစ်ကြာပြီဖြစ်သည့် နယ်စပ်ဖြတ်ကျော်တိုက်ပွဲများအတွင်းတွင် ပိတ်မိနေခဲ့ကြသည်။ 

ကက်ရှ်မီးယားသည် အိန္ဒိယနှင့်ပါကစ္စတန်အကြား ပဋိပက္ခဒေသအဖြစ်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ပြီးခဲ့သည့်နှစ် ဩဂုတ်တွင် အိန္ဒိယက ၎င်းဟိမဝန္တာဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖြစ်မှ ပြန်လည်ရုပ်သိမ်းပြီးနောက် တင်းမာမှုများ တစ်ဖန်မြင့်တက်ခဲ့ကာ ဗဟိုအစိုးရအုပ်ချုပ်သောနယ်မြေများအဖြစ် ကွဲထွက်သွားခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံစလုံးက အဆိုပါကက်ရှ်မီးယားဒေသကို အပြည့်အဝတောင်းဆိုထားကြသော်လည်း ပိုင်းခြားအုပ်ချုပ်နေရဆဲဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly