တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု ကိုင်တွယ်ရာတွင် ‘အံ့မခန်း အောင်မြင်မှု’ ရရှိခဲ့ဟု ရှီကျင့်ဖျင် ပြော

တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု ကိုင်တွယ်ရာတွင် ‘အံ့မခန်း အောင်မြင်မှု’ ရရှိခဲ့ဟု ရှီကျင့်ဖျင် ပြော
Photo: AFP

ဖေဖေါ်၀ါရီ ၂၅

တရုတ်နိုင်ငံသည် အလွန်အကျွံ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးဆိုင်ရာ “လူသားဆိုင်ရာ အံ့မခန်း အောင်ပွဲ’ တစ်ခု ရရှိခဲ့ကြောင်း သမ္မတ ရှီကျင့်ဖျင်က ဖေဖေါ်၀ါရီ ၂၅ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ သို့သော် ထိုကဲ့သို့ ပြောဆိုချက်အတွက် ကွန်မြူနစ်ပါတီ၏ စံမှတ်ကျောက်နှင့်ပတ်သက်ပြီး မေးခွန်းများလည်း ဆက်ရှိနေသည်။

ပေကျင်းမြို့၌ ကျင်းပသော အခမ်းအနားတစ်ခုအတွင်း သမ္မတ ရှီသည် ကျေးလက်ဒေသ အစုအဖွဲ့များမှ တာ၀န်ရှိသူများ (အချို့သည် ရိုးရာ တိုင်းရင်းသား-လူနည်းစု အ၀တ်အစားများကို ၀တ်ဆင်ထား) ကို ဆုတံဆိပ်များ နှင်းအပ်ခဲ့ပြီး ယခု ‘တရုတ် စံနမူနာ’ ကို အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့်အကြား ‌ဝေမျှသွားမည်ဟု ကတိပြုခဲ့သည်။

“အခြား ဘယ်နိုင်ငံမှ ဒီလောက် အချိန်တိုအတွင်းမှာ လူသန်းပေါင်းများစွာကို ဆင်းရဲမွဲတေမှုအောက်ကနေ ဆွဲထုတ်မပေးနိုင်ပါဘူး” ဟု ရှီက ပြောခဲ့သည်။

“လူသားဆိုင်ရာ အံ့သြဖွယ် အခြေအနေတစ်ခုကို ဖန်တီးခဲ့ပါပြီ၊ ဒါက သမိုင်းတွင်ရစ်ပါလိမ့်မယ်”

တရုတ်နိုင်ငံသည် ယင်း၏ ပြည်သူအားလုံးကို တစ်နေ့၀င်ငွေ ဒေါ်လာ ၂ ဒသမ ၃၀ ရှိ ဆင်းရဲနွမ်းပါးမှုမျဥ်းတစ်ခုအထက်တွင် ဆွဲတင်ပေးမှု ရည်မှန်းချက်ကို အောင်မြင်ရရှိခဲ့ကြောင်း ယမန်နှစ်က ထုတ်ဖော်ခဲ့သည်။

ယင်းသည် ကမ္ဘာ့ဘဏ်၏ အနိမ့်ဆုံး သတ်မှတ်အဆင့် တစ်ရက်၀င်ငွေ ဒေါ်လာ ၁ ဒသမ ၉၀ အထက်တွင် ရှိသော်လည်း ၀င်ငွေ ပိုမိုမြင့်မားသော နိုင်ငံများအတွက် အကြံပြုထောက်ခံပေးထားသည့် ပမာဏ၏ အောက်တွင် ရှိနေသည်။

စီးပွားရေးကို မွန်းကျပ်စေခဲ့သည့် မလုပ်သင့်သော Maoist ကမ်ပိန်းများနှင့် ဆယ်စုနှစ်များချီ နိုင်ငံ စီမံကိန်းများနောက်ပိုင်း ၁၉၇၀ တွင် စျေးကွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီးနောက် တရုတ်သည် လူပေါင်း သန်း ၈၀၀ ကျော်ကို အလွန်အကျွံ ဆင်းရဲမွဲတေမှုအောက်ကနေ ဆွဲထုတ်ပေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

တရုတ်သည် ဆင်းရဲမွဲတေမှုနှင့် ရုန်းကန်ရင်ဆိုင်နေရဆဲ ဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ယခုအခါ အကူအညီ ထောက်ပံ့ပေးနေကြောင်း ရှီက ပြောသည်။

အလွန်အကျွံ ဆင်းရဲနွမ်းပါးမှုကို ၂၀၂၀ တွင် ပပျောက်အောင် လုပ်မည်ဟု ရှီက ၂၀၁၅ တွင် ပြောခဲ့သည်။ ယင်းသည် ယခုနှစ် ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်တွင်  ‘အတန်အသင့် ကြီးပွားချမ်းသာသော လူ့အဖွဲ့အစည်း” တစ်ခု တည်ဆောက်ရေး ပါတီ ရည်မှန်းချက်ဆိုင်ရာ အဓိကကဏ္ဍတစ်ခု ဖြစ်သည်။

ပြီးစီးရန် သတ်မှတ်ထားသော နောက်ဆုံးအချိန် မတိုင်မီ တရုတ်အစိုးရသည် လမ်းများနှင့် ခေတ်မီ တိုက်ခန်း အဆောက်အအုံများကဲ့သို့ အခြေခံအဆောက်အအုံများထဲတွင် ယွမ်ငွေ ဘီလီယံများစွာ ထည့်၀င်ခဲ့သလို ဆင်းရဲသော ကျေးလက်နေ အစုအဖွဲ့များထံ အခွန်မက်လုံးများနှင့် ထောက်ပံ့ငွေများ ကမ်းလှမ်းပေးအပ်ခဲ့သည်။

တရုတ်ရှိ လူနေမှု အဆင့်အတန်းသည် အမှန်တကယ်အားဖြင့် ၁၉၇၀ နောက်ပိုင်း သိသိသာသာ ပြောင်းလဲခဲ့ပြီး လူသန်းပေါင်းများစွာတို့သည် ယခင်မျိုးဆက်များ စိတ်ကူးပင် မကြည့်နိုင်ခဲ့သည့် လူသုံးကုန်ဆိုင်ရာ နေထိုင်မှုပုံစံများဖြင့် နေထိုင်နေခဲ့ကြသည်။

သို့သော် ပေကျင်း၏ ပြောဆိုချက်များသည် အယုံအကြည်ကင်းမဲ့မှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အတော်အတန် နိမ့်ကျသော ဆင်းရဲမွဲတေမှုမျဥ်း၊ ဆင်းရဲနွမ်းပါးမှု ရန်ပုံငွေများနှင့် ဆက်စပ်သော အကျင့်ပျက်ခြစားမှု ကိစ္စဆိုင်ရာ ပြောဆိုမှုများ နှင့် တရား၀င်ဒေတာများသည် ပါတီ နိုင်ငံရေး ရည်မှန်းချက်များ ဖြည့်ဆည်းရန် သတင်းစကားပါးနေသလား ဆိုသည်နှင့်ပတ်သက်သည့် အမြဲ‌ပေါ်ပေါက်နေသော မေးခွန်းများကို ‌ဝေဖန်သူများက ထောက်ပြနေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly