Covax အစီအစဉ်ရဲ့ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ဂါနာနိုင်ငံသို့ ရောက်ရှိ

Covax အစီအစဉ်ရဲ့ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ဂါနာနိုင်ငံသို့ ရောက်ရှိ
Photo: AFP

ဖေဖော်ဝါရီ ၂၅  

ဂါနာနိုင်ငံဟာ ဗုဒ္ဓဟူးနေ့မှာတော့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးရရှိရေး Covax အစီအစဉ်ကနေ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးရရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ Covax အစီအစဉ်ဟာ ပိုမိုဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေကို အခမဲ့ ကာကွယ်ဆေးထိုးပေးဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ဝယ်ယူဖြန့်ဝေပေးတာဖြစ်ပါတယ်။  

ဗုဒ္ဓဟူးနေ့က အိန္ဒိယ Serum Institute က ထုတ်လုပ်တဲ့ Oxford/ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၆၀၀ ၀၀၀ ဟာ ဂါနာနိုင်ငံ အက်ကရာမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ဂါနာရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကလည်း အိန္ဒိယထုတ် ကာကွယ်ဆေးအပြင် ရုရှားရဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးကိုလည်း အသုံးပြုခွင့်ပေးထားတယ်လို့ ဒေသမီဒီယာမှာ ဖော်ပြထားပါတယ်။

အနောက်အာဖရိက ဂါနာနိုင်ငံမှာ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ရောဂါကူးစက်သူ ၈၀ ၇၅၉ ဦးနဲ့ သေဆုံးသူ ၅၈၂ ဦးရှိပါတယ်။ ဒါပေမယ့် ရောဂါစမ်းသပ်မှုတွေ ကောင်းကောင်းမလုပ်နိုင်တဲ့အတွက် တရားဝင်ကိန်းဂဏန်းဟာ ဒီထက် ပိုများနိုင်ပါတယ်။ 

လာမယ့် မတ်လ ၂ ရက်နေ့ကစပြီး အက်ကရာ၊ ကူမာစီနဲ့ အိုဘူအာစီစတဲ့ မြို့တွေမှာ ကာကွယ်ဆေးထိုးမှု စတင်မှာဖြစ်ပါတယ်။ 

ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားရှေ့တန်းက တာဝန်ထမ်းဆောင်သူတွေ၊ အသက် ၆၀ အထက်ပြည်သူတွေနဲ့ ရောဂါအခံရှိသေူတွေကို ဦးစားပေးထိုးနှံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေကြတဲ့ အမှုဆောင်အရှိ၊ ဥပဒေပြုအမတ်၊ တရားသူကြီးနဲ့ ဆက်စပ်ဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်း၊ ဘာသာရေးခေါင်းဆောင်၊ မရှိမဖြစ်လုပ်သားနဲ့ ဆရာ/ဆရာမတွေလည်း ဦးစားပေးအစီအစဉ်ထဲမှာပါတယ်လို့ ဆိုပါတယ်။ 

အစိုးရက ဂါနာရဲ့လူဦးရေ သန်း ၃၀ လုံးကို လုံလောက်တဲ့ကာကွယ်ဆေးထိုးသွားဖို့ ကြိုးပမ်းနေခဲ့တယ်လို့ ပြောကြားခဲ့ပြီး ပြည်သူတွေကိုလည်း ကာကွယ်ဆေးထိုးနှံမှုမှာပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly