မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် အကောင့်အားလုံးကို ဖေ့ဘွတ်ခ် ပိတ်ပင်

By BNN Bloomberg
25 February 2021
မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် အကောင့်အားလုံးကို ဖေ့ဘွတ်ခ် ပိတ်ပင်
Photo: EPA

ဖေဖေါ်၀ါရီ ၂၅

အမေရိကန်ဆိုရှယ်မီဒီယာကုမ္ပဏီ ဖေ့ဘွတ်ခ်သည် မြန်မာစစ်တပ်နှင့် ဆက်စပ်ပတ်သက်သည့် ပေ့ချ် (စာမျက်နှာ) များအပေါ် ပိတ်ပင်ချက်ကို တိုးချဲ့လုပ်ဆောင်ခဲ့သလို စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းအဖွဲ့ကုမ္ပဏီများထံမှ ကြော်ငြာများကိုလည်း ပိတ်ပင်ထားခဲ့ပြီ ဖြစ်သည်။  ဖေ့ဘွတ်ခ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအပေါ် ယင်း၏ ဆန့်ကျင်မှုကို တိုးမြှင့်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယား Menlo Park အခြေစိုက် ဆိုရှယ်မီဒီယာကုမ္ပဏီကြီး၏ ပိတ်ပင်မှုသည် ဖေ့ဘွတ်ခ် အပြင် အင်စတာဂရမ်အထိ ချဲ့ထွင်ထားပြီး ယင်းပိတ်ပင်ချက်အောက်တွင် မြန်မာစစ်တပ် ထိန်းချုပ်သော နိုင်ငံပိုင်နှင့် မီဒီယာလုပ်ငန်းအဖွဲ့များ ပါ၀င်သည်။ ယင်းသည် အစောပိုင်းက မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ပေ့ချ်များကို ရပ်ဆိုင်းထားမှုအပေါ် အခြေခံပြီး ဆက်လက်ဖော်ဆောင်နေခြင်း ဖြစ်သည်။

အခြေအနေကို အရေးပေါ်အခြေအနေတစ်ခုအဖြစ် သဘောထားလျက်ဖြင့် ဖေ့ဘွတ်ခ်သည် အကြောင်းအရာ (content) များ အစွန်းမရောက်စေရေး အကူအညီဖြစ်စေရန် မူရင်းဒေသ ဘာသာစကား ကျွမ်းကျင်သည့် မြန်မာနိုင်ငံသားများကို ဆော်သြလုပ်ဆောင်ထားခဲ့သည်။ ထို့ပြင် ဂျာနယ်လစ်များအတွက် ထပ်တိုး အကာအကွယ်များကို နေရာတကျ ထားရှိလုပ်ဆောင်နေခဲ့ပြီး စစ်တပ် ပြောရေးဆိုခွင့်ရှိသူများနှင့် သတင်းမှားများ၏ ပျံ့နှံ့ရောက်ပေါက်မှုအပေါ် ထိန်းချုပ်လုပ်ဆောင်ထားခဲ့သည်။ မြန်မာ အာဏာသိမ်းစစ်အုပ်စုသည် ယခုလအစောပိုင်းက ဖေ့ဘွတ်ခ် သုံးခွင့်အပေါ် ပိတ်ဆို့ရန် အင်တာနက်၀န်ဆောင်မှု ပံ့ပိုးသည့်လုပ်ငန်းများကို ညွှန်ကြားခဲ့သည်။

“ဒီနေ့မှာတော့ ကျန်ရှိနေသေးတဲ့ မြန်မာစစ်တပ် (တပ်မတော်) နဲ့ စစ်တပ် ထိန်းချုပ်တဲ့ နိုင်ငံပိုင်၊ မီဒီယာ အဖွဲ့အစည်းတွေကို ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကနေ ပိတ်ပင်လိုက်ပါပြီ၊ ပြီးတော့ စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်တဲ့ စီးပွားဖြစ် လုပ်ငန်းအဖွဲ့တွေဆီက ကြော်ငြာတွေလည်း ပိတ်ပင်လိုက်ပါပြီ” ဟု ဖေ့ဘွတ်ခ်က အီးမေးလ် ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ပြောခဲ့သည်။ “လူသေစေတဲ့ အကြမ်းဖက်မှု အပါအ၀င် ဖေဖေါ်၀ါရီ ၁  ရက်နောက်ပိုင်း ဖြစ်စဥ်တွေက ဒီ ပိတ်ပင်ချက် လုပ်ဖို့ လိုအပ်တဲ့ အခြေအနေကို တွန်းပို့ခဲ့ပါတယ်၊ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်မှာ တပ်မတော်ကို ခွင့်ပြုပေးခြင်းရဲ့ အန္တရာယ်က အင်မတန် ကြီးမားတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

ယင်း၏ ပလက်ဖောင်းများပေါ်တွင် လှုံ့ဆော်သည့် နိုင်ငံရေး ၀ရုန်းသုန်းကား အခြေအနေနှင့် ရင်ဆိုင်တွေ့စဥ် အရေးယူရန် ပျက်ကွက်နေခဲ့သည် ဆိုပြီး ယခင်ကာလများအတွင်း စွပ်စွဲခံထားခဲ့ရသည့် ဖေ့ဘွတ်ခ်သည် ယခုအခါ ယင်းဘက်က ပြတ်ပြတ်သားသား ရှုမြင်သည့် ပဋိပက္ခတစ်ခုတွင် ပိုမို တက်ကြွသည့် အခန်းကဏ္ဍကနေ ပါ၀င်လုပ်ဆောင်လျက် ရှိသည်။ အမေရိကန်အစိုးရသည် ဖေဖေါ်၀ါရီ ၁ အာဏာသိမ်းမှုအပေါ် ရှုတ်ချခဲ့သလို သမ္မတ ဂျိုးဘိုင်ဒင်သည် မြန်မာစစ်တပ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားခဲ့သည်။ ယင်း၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်ထံမှ သတင်းအချက်အလက်များအပေါ် အခြေပြုထားခဲ့ကြောင်း ဖေ့ဘွတ်ခ်က ပြောသည်။ မိမိတို့ ယခင်က ဖယ်ရှားခဲ့ရသည့် ညှိနှိုင်းချိတ်ဆက်သော အစစ်အမှန်မဟုတ်သည့် အပြုအမူများဆိုင်ရာ ကွန်ရက်များအပြင် အကြမ်းဖက်မှု၊ လှုံ့ဆော်မှုနှင့် ညှိနှိုင်းချိတ်ဆက်ထိခိုက်စေမှုဆိုင်ရာ မိမိတို့၏ မူ၀ါဒများကို ချိုးဖောက်မှုအတွက် မိမိတို့ ဖယ်ရှားခဲ့ရသည့် အကြောင်းအရာ (content) များနှင့်ပတ်သက်ပြီး ပြင်ဆင်ဖွဲ့စည်းရန် အားထုတ်မှုများအပေါ် အခြေတည် ဆုံးဖြတ်ခဲ့သည်ဟု ဖေ့ဘွတ်ခ်က ပြောသည်။

ယနေ့ အကောင်အထည်ဖော်ခဲ့သည့် ပိတ်ပင်ချက်သစ်သည် အကန့်အသတ်မရှိ ဆက်လက် အသက်၀င်နေမည်ဖြစ်သော်လည်း ယင်းတွင် မဖြစ်မနေ လိုအပ်သော အများပြည်သူ ၀န်ဆောင်မှုများ ထောက်ပံ့ရာတွင် ချိတ်ဆက်ပါ၀င်သည့် ၀န်ကြီးဌာနများနှင့် အေဂျင်စီများ မပါ၀င်ကြောင်း ကုမ္ပဏီက ပြောသည်။ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ကို ယင်း၏ ပလက်ဖောင်းများတွင် ဆက်လက် ၀င်သုံးခွင့်ရနေသေးခြင်းကို ယင်းက ရည်ညွှန်းပြောခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly