အာဆီယံအနေဖြင့် စစ်အာဏာသိမ်းအုပ်စုနှင့်ပဲ တွေ့ဆုံပြောဆို မနေသင့်ဟု ဒေါက်တာ ဆာဆာ ပြော 

အာဆီယံအနေဖြင့် စစ်အာဏာသိမ်းအုပ်စုနှင့်ပဲ တွေ့ဆုံပြောဆို မနေသင့်ဟု ဒေါက်တာ ဆာဆာ ပြော 
Photo: Lynn Bo Bo/EPA

အာဆီယံအနေဖြင့် စစ်အာဏာသိမ်းအုပ်စုနှင့်ပဲ တွေ့ဆုံပြောဆိုနေခြင်း မပြုသင့်ပဲ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ဆိုင်ရာအားလုံး ပါဝင်နိုင်ရေးအတွက် ဆန္ဒပြသူများကိုလည်း ထည့်တွက်ထားရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန် ဒေါက်တာ ဆာဆာက ပြောသည်။ 

“စစ်ဗိုလ်ချုပ်ကြီးတွေဆီ လာပြီး ‘ခင်ဗျားတို့ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရမယ်’လို့ ပြောဆိုတာဟာ ပြည်တွင်းရေးကို စွက်ဖက်တာပဲ”ဟု ဝင်ရောက်မစွက်ဖက်ရေး အာဆီယံ မူဝါဒကို ရည်ညွှန်းပြီး ဒေါက်တာ ဆာဆာက The Straits Times သတင်းသို့ ပြောသည်။ 

“ပြည်တွင်းရေးကို စွက်ဖက်နေတာ မဟုတ်ဘူးလို့ ပြောနေတယ်ဆိုရင်တော့ သူတို့(အာဆီယံ)အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို အဆင်ပြေချောမွေ့အောင်ပဲ လုပ်သင့်တယ်”ဟု ၎င်းက ပြောပြီး စစ်တပ်၊ ဖယ်ရှားခံရသည့် ရွေးကောက်ခံလွှတ်တော်အမတ်များနှင့် ဆန္ဒပြသူများ အပါအဝင်ဖြစ်သော သုံးပွင့်ဆိုင် ဆွေးနွေးမှု ဖြစ်သင့်ကြောင်း ထပ်လောင်းပြောသည်။ 

“အဲဒီ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာ အာဆီယံအိမ်နီးချင်းတွေကို စောင့်ကြည့်သူတွေအဖြစ် ကျွန်တော်တို့ ပါဝင်စေမှာ ဖြစ်တယ်”ဆိုပြီး ဒေါက်တာ ဆာဆာက ဆိုသည်။ 

လူသိများ လေးစားခံရသော ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာ ဆာဆာကို CRPH က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ CRPH မှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနှင့်အတူ စစ်တပ်က ဖမ်းဆီးမှုများ အများအပြား လုပ်ဆောင်ခြင်းကြောင့် ပုန်းကွယ်လျက်ရှိသော ရွေးကောက်ခံလွှတ်တော်အမတ် ၁၇ ဦးပါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဖြစ်သည်။ 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုသော သတင်းကြောင့် ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးပြင်ဖက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဆန္ဒပြသမှုများ ပေါ်ပေါက်ထားခဲ့သည်။ ယင်းနေ့နောက်ပိုင်း၌ ဆင်းရဲသည့် ချင်းပြည်နယ် ဇာတိဖြစ်သော ဒေါက်တာ ဆာဆာအား အင်္ဂါနေ့ညပိုင်းတွင် တည်နေရာ မဖော်ပြဘဲ Zoom မှတစ်ဆင့် The Strait Times က အင်တာဗျူးပြောဆိုခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်လည်း နောက်ဆုံးတွင် ဖျက်သိမ်းလိုက်သည်။ 

လူဦးရေ ၅၄ သန်းရှိသော မြန်မာနိုင်ငံတွင် ကြီးမားသည့် စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားပေါ်ပေါက်လျက်ရှိပြီး ကြီးထွားလာနေသော CDM လှုပ်ရှားမှုများကြောင့် ဆေးရုံများ၊ ဘဏ်များနှင့် ရထားဝန်ဆောင်မှုများ ပိတ်ထားရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly