ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဘန်ကောက်မှာ ဦးဝဏ္ဏမောင်လွင် တွေ့ဆုံဆွေးနွေး 

ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဘန်ကောက်မှာ ဦးဝဏ္ဏမောင်လွင် တွေ့ဆုံဆွေးနွေး 
Photo: EPA

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အမျိုးသမီးဖြစ်သူ ရတ်နိုမာဆူဒီက ဘန်ကောက်မှာ မြန်မာစစ်အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူမှုဘဝဖူလုံရေးတို့အတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါအပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်ကြောင်းကိုလည်း ဦးဝဏ္ဏမောင်လွင်ကို ထပ်လောင်းပြောဆိုခဲ့တယ်လို့ မာဆူဒီက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် သီတင်းပတ် သုံးပတ်ကျော် လူသေဆုံးမှုတွေ ရှိတဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပွားနေတာ အဆုံးသတ်ရေး ဒေသတွင်း အင်အားကြီးနိုင်ငံတွေက ကြားဝင်ဖြန်ဖြေနိုင်ဖို့ ကြိုးစားလာချိန်မှာ အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံဆီ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူတစ်ဦး ဖမ်းဆီးထားချိန်အတွင်း သေဆုံးခဲ့တဲ့အချိန်မှာပဲ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဦးဝဏ္ဏမောင်လွင်က ဘန်ကောက်မှာ လာရောက်ဆွေးနွေးနေတာ ဖြစ်ပြီး ဒါဟာဆိုရင် စစ်အာဏာသိမ်းအုပ်စု အကြီးတန်းအဖွဲ့ဝင်တစ်ဦးနဲ့ နိုင်ငံခြား အစိုးရတာဝန်ရှိသူတွေကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံပွဲပဲ ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ချိန်ကစလို့ နိုင်ငံတကာဝေဖန်မှုတွေ အပြင်းအထန် ရင်ဆိုင်နေရပြီး ပြည်တွင်းမှာလည်း နေ့စဉ် အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်နေပါတယ်။ 

“သွေးထွက်သံယို သေဆုံးမှုတွေကို ရှောင်ရှားနိုင်ရေးအတွက် အကြမ်းမဖက်ဖို့နဲ့ စိတ်ရှည်သည်းခံဖို့ ကျွန်မတို့ သက်ဆိုင်ရာပါဝင်သူတိုင်းကို တိုက်တွန်းပါတယ်”လို့ ဂျကာတာမြို့မှာ သတင်းထောက်တွေကို မာဆူဒီက ပြောပါတယ်။ 

မြန်မာအရေး ဆွေးနွေးမှုတွေအတွက် မာဆူဒီဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံတို့တွေဆီ သံတမန်ခရီးစဉ် သွားရောက်ခဲ့သလို အခြား အရှေ့တောင်အာရှနိုင်ငံတွေနဲ့လည်း ဖုန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အခု ဘန်ကောက်ခရီးစဉ်အပြီးမှာ မာဆူဒီဟာ နေပြည်တော်ဆီ သွားရောက်ဖို့ ရှိခဲ့ပေမယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းထားတယ်လို့ အတည်ပြုထားပါတယ်။ 

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပဲ မြန်မာနိုင်ငံက အင်ဒိုနီးရှားသံရုံးမှာ ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြသူ ရာပေါင်းများစွာ စုရုံးဆန္ဒပြကြပါတယ်။ 

တရားဝင်အမည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ဆိုတဲ့ အာဏာသိမ်းအစိုးရနဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောဆိုဆွေးနွေးတာကို ကန့်ကွက်ဆန့်ကျင်ရင်း ဆန္ဒပြသူတွေဟာ “စစ်အုပ်စုနဲ့ စေ့စပ်ညှိနှိုင်းမှု ရပ်”၊ “အင်ဒိုနီးရှား၊ အာဏာရှင်ကို မထောက်ခံနဲ့”ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly