အိန္ဒိယနှင့် ပုံမှန်အခြေအနေ ပြန်ရောက်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ပိုမိုလုပ်ဆောင်ရန် လိုအပ်

အိန္ဒိယနှင့် ပုံမှန်အခြေအနေ ပြန်ရောက်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ပိုမိုလုပ်ဆောင်ရန် လိုအပ်
Photo: EPA

မကြာသေးမီကာလက Ladakh ဒေသ Pangong ရေကန်၏ ကမ်းပါးများမှ တပ်ဖွဲ့များ တပ်ဆုတ်လိုက်ခြင်းမှာ တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေး ပုံမှန်ဖြစ်လာရေး လုပ်ငန်းစဉ်၏ အစသာ ရှိသေးပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အနေအထားများ ပြန်ရောက်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီပေးရေးနှင့် အကျွမ်းတဝင် ရှိနေသူ အရာရှိများက ပြောကြားလိုက်သည်ဟု ဟိန္ဒိူစတန်သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

နှစ်ဦးနှစ်ဘက် အနာဂတ်စေ့စပ် ညှိနှိုင်းမှုလမ်းကြောင်းကို ဖော်ဆောင်ရန် အတွက် တရုတ်၏ ခြေလှမ်းများကို အနီးကပ် စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိများက ဆိုသည်။

“ရထားက လမ်းချော်သွားပြီ။ ကျွန်တော်တို့က လမ်းကြောင်းပေါ်ပြန်ဆွဲတင်ဖို့ လုပ်ငန်းစတုန်းပဲရှိသေးတယ်။ ဘာတွေဆက်ဖြစ်မယ်ဆိုတာကြည့်ရဦးမယ်"ဟု ၄င်းတို့ထဲမှ တစ်ဦးက ဆိုသည်။

“ ကိစ္စအတော်များများက မှားယွင်းနေပြီး၊ မှန်ကန်တဲ့လုပ်ရပ်က အခုမှ စတင်ကာစပဲရှိပါသေးတယ်။ အခြေအနေတွေကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်လုပ်ရမယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မကြာသေးမီကပင် Pangong ရေကန်၏ မြောက်ပိုင်းနှင့်တောင်ပိုင်းကမ်းပါးများမှ အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များ တပ်ဆုတ်လိုက်ခြင်းကို “ကောင်းသောအစပျိုးခြင်း”ဟု ဖော်ပြခဲ့ကြသော်လည်း ထိပ်တိုက်တွေ့ဆုံနိုင်သည့်နေရာများကိစ္စကိုဖြေရှင်းရန် ပိုမိုလိုအပ်သည်ဟု သတိပေးကြသည်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပခဲ့သည့် ၁၀ကြိမ်မြောက် အဆင့်မြင့်စစ်တပ်မှူး၏ ဆွေးနွေးပွဲကလည်း ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံနိုင်သည့် Gogra၊ Hot Springs နှင့် Depsang လွင်ပြင်များ ကိစ္စနှင့်ပတ်သက်ပြီး သဘောတူညီမှု မရရှိခဲ့ပေ။

အစည်းအဝေးအပြီးတွင်ထုတ်ပြန်ခဲ့သည့်ပူးတွဲကြေညာချက်တွင် Pangong ရေကန်မှ တပ်ဆုတ်မှုသည် သိသာထင်ရှားသောခြေလှမ်းတစ်ခုဖြစ်ကြောင်းဖော်ပြခဲ့ပြီး၊ နှစ်ဖက်စလုံးအနေဖြင့် ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုများကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး၊ ကျန်ရှိနေသေးသောပြဿနာများကိုအပြန်အလှန် လက်ခံနိုင်သောဖြေရှင်းမှုများဖြင့် ပုံမှန်နှင့် စနစ်တကျ ဆက်လက်တွန်းအားပေးသွားမည်ဟု ဖော်ပြထားသည်။

သို့သော် အရာရှိများက ပြောကြားရာတွင် သံတမန်ရေးအရဖြစ်စေ၊ စစ်ဘက်ခြင်းဖြစ်စေ နှစ်နိုင်ငံအကြား နောက်ထပ် ဆွေးနွေးပွဲများ လုပ်မည်ဆိုသည့် အရိပ်လက္ခဏာများမရှိသေးကြောင်း ပြောကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly