ဝူဟန်တွင် WHO ၏ စစ်ဆေးမှုအပြီး အမေရိကန်နိုင်ငံအတွင်း၌ မူလဇစ်မြစ်ကို လိုက်ရန် တရုတ်နိုင်ငံ တောင်းဆို

ဝူဟန်တွင် WHO ၏ စစ်ဆေးမှုအပြီး အမေရိကန်နိုင်ငံအတွင်း၌ မူလဇစ်မြစ်ကို လိုက်ရန် တရုတ်နိုင်ငံ တောင်းဆို
Photo: AFP

အမေရိကန်နိုင်ငံသည် လက်ရှိအချိန်တွင် ကမ္ဘာ့အသိုင်းအဝိုင်းက ကြိုးပမ်းနေသည့် ကိုရိုနာဗိုင်းရပ်စ် စတင်ရာနေရာကို စုံစမ်းသော “အချက်အချာနေရာ” ဖြစ်သင့်သည်ဟု တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးစင်တာမှ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အကြီးအကဲ ဇန် ဂူအမ်က ပြောကြားလိုက်သည်ဟု CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့အတွင်းရှိ ကိုရိုနာဗိုင်းရပ်စ်၏ မူလအစနှင့်ပတ်သက်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ၎င်းဗိုင်းရပ်စ် စတင်ဖြစ်ပွားရာနေရာကို ခြေရာခံလေ့လာခြင်းအား အမေရိကန်နိုင်ငံတွင် ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တရုတ်အစိုးရက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို စံနမူနာထား၍၊ ကိုဗစ် ဗိုင်းရပ်စ် ဇစ်မြစ်ကို ခြေရာခံလေ့လာခြင်းအတွက် အပြုသဘောဆောင်၍ သိပ္ပံနည်းကျ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့ WHO ကျွမ်းကျင်ပညာရှင်များကိုလည်း ဖိတ်ကြားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဝမ် ဝီဘင်က ယခင်သတင်းပတ်အတွင်း ပြောကြားခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံဆိုင်ရာ ရောဂါထိန်းချုပ်ရေး စင်တာ၏ အကြီးအကဲဖြစ်သူ ဇန်ဂူအမ်ကလည်း ၎င်းဗိုင်းရပ်စ် စတင်ဖြစ်ပွားရာနေရာကို ခြေရာခံလေ့လာခြင်းအား အမေရိကန်နိုင်ငံတွင် ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု CNN သတင်းက ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံအတွင်းရှိ တိရစ္တာန်မျိုးစိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့သော အထောက်အထားတစ်စုံတစ်ရာ မတွေ့ရဟု ဝူဟန်တွင် ကိုဗစ်-၁၉ အစပြုမှုကို စုံစမ်းစစ်ဆေးခဲ့ကြသည့် WHO ကျွမ်းကျင်ပညာရှင်များအဖွဲ့က ပြောကြားလိုက်ပြီးနောက် ယခုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့်ပတ်သက်သော အယူအဆ လေးမျိုးရှိသော်လည်း “ဓာတ်ခွဲခန်း မတော်တဆမှုကြောင့် လူသားများထံ ဗိုင်းရပ်စ်ပျံ့နှံ့သွားသည်ဟု ရှင်းပြရန် သိပ်မဖြစ်နိုင်”ဟု ဝူဟန်တွင် စုံစမ်းစစ်ဆေးခဲ့သည့် WHO အဖွဲ့၏ အကြီးအကဲဖြစ်သူ ပီတာ ဘန် အမ်းဘားရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ်အတွင်း ပြောကြားခဲ့သည်။

“ကြားခံ ကပ်ပါးလက်ခံ မျိုးစိတ်တစ်ခုကတစ်ဆင့် စတင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကနဦးတွေ့ရှိချက်က ဖြစ်နိုင်ခြေအရှိဆုံး ကူးစက်လမ်းကြောင်းတစ်ခုဖြစ်သလို ၎င်းအတွက် နောက်ထပ်လေ့လာမှုတွေနဲ့ ပိုမိုတိကျတဲ့ သုတေသနပြု လေ့လာမှုတွေကိုလည်း လိုအပ်ပါတယ်။ ဓာတ်ခွဲခန်း မတော်တဆမှုကနေ လူသားတွေထံကို ဗိုင်းရပ်စ်ကူးစက်တယ်ဆိုတာကို ရှင်းပြဖို့အတွက် အလွန်ခက်ခဲပါတယ်”ဟု WHO ကျွမ်းကျင်ပညာရှင်က ပြောကြားခဲ့သည်။

ဝူဟန်ဗိုင်းရပ်စ် လေ့လာရေးအဖွဲ့မှ မြစ်ဖျားခံသည်ဟူသော စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည့် အမ်းဘားရက်က “ဝူဟန်ဗိုင်းရပ်စ် လေ့လာရေးအဖွဲ့ထံ သွားရောက်ပြီး ဓာတ်ခွဲခန်းနဲ့ ဓာတ်ခွဲခန်း အခြေအနေကိုလည်း စစ်ဆေးခဲ့ပါတယ်။ အဲဒီလိုနေရာကနေ တစ်စုံတစ်ခု လွတ်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဓာတ်ခွဲခန်း မတော်တဆမှုတွေကို အမှန်တကယ် တွေ့ရခဲတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly