မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့သည့် အငြင်းပွားဖွယ်လုပ်ရပ်ကြောင့် မလေးရှားအစိုးရ ‌ဝေဖန်ခံနေရ

မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့သည့် အငြင်းပွားဖွယ်လုပ်ရပ်ကြောင့် မလေးရှားအစိုးရ ‌ဝေဖန်ခံနေရ
Photo: AFP

ဖေဖေါ်၀ါရီ ၂၄

တရားရုံး ညွှန်ကြားချက်တစ်ရပ်ကို မနာခံဘဲ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို နေရပ်ပြန်ပို့သည့် ဆုံးဖြတ်ချက်အတွက် မလေးရှားအစိုးရသည် ဖေဖေါ်၀ါရီ ၂၄ ရက်တွင် အတိုက်အခံ လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေးအုပ်စုများထံမှ ‌ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ ခုခံနိုင်စွမ်း အားနည်းသော နိုင်ငံရေးခိုလှုံခွင့် တောင်းသူများလည်း ပါ၀င်သည် ဆိုသည့် ရွှေ့ပြောင်းများသည် ယမန်နေ့က မလေးရှား စစ်အခြေစိုက်စခန်းတစ်ခုမှတဆင့် မြန်မာရေတပ်သ‌င်္ဘောများဖြင့် နေရပ်ကို ပြန်လည်ထွက်ခွာခဲ့ကြသည်။

တက်ကြွလှုပ်ရှားသူများ၏ ဥပဒေဆိုင်ရာ စိန်ခေါ်ကန့်ကွက်မှုကို ကြားနာခွင့်ပေးရန် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့မည့် အစီအစဥ်ကို ယာယီဆိုင်းငံ့ထားရေး ကွာလာလမ်ပူ တရားရုံးက ညွှန်ကြားခဲ့မှု မတိုင်မီကတည်းက ထို အငြင်းပွားအစီအစဥ်အပေါ် လူ့အခွင့်အရေးအုပ်စုများက ပြင်းပြင်းထန်ထန် ‌ဝေဖန်ထားခဲ့ကြသည်။

သို့ရာတွင် မလေးရှားအစိုးရတာ၀န်ရှိသူများက အစီအစဥ်ကို ရှေ့ဆက်လုပ်ဆောင်ပြီး ရွှေ့ပြောင်း ၁,၀၈၆ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။ ထို့ပြင် တရားရုံး ညွှန်ကြားချက်ကို မည်သည့်အတွက်ကြောင့် လျစ်လျူရှုခဲ့ရသည် ဆိုသည်အတွက်လည်း ဖြေရှင်းချက် တစုံတရာ မပေးခဲ့ပေ။

မလေးရှားအစိုးရ၏ “လူသားမဆန်သော” နေရပ်ပြန်ပို့မှုအပေါ် အတိုက်အခံ လွှတ်တော်အမတ် လေးဦးက ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ ထို့ပြင် အစိုးရအရာရှိများသည် တရားရေး ဆုံးဖြတ်ချက်ကို လျစ်လျူရှုမှုအတွက် တရားရုံး အမိန့် ဖီဆန်ခဲ့သည်ဟု မှတ်ယူခံရနိုင်ကြောင်း ၎င်းတို့က ပြောခဲ့သည်။

“ဒီ လုပ်ရပ်ကို ကြည့်မယ်ဆိုရင် မလေးရှား အစိုးရဟာ ဆောင်ရွက်ဆဲ တရားရုံးလုပ်ငန်းစဥ်ကို လေးစားလိုက်နာမှု မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်၊ နောက်ပြီး လူ့အခွင့်အရေး မျက်နှာစာမှာ မလေးရှားနိုင်ငံကို အဆိုးမြင်သဘောနဲ့ အမြင်ခံရစေအောင် ဖြစ်စေခဲ့ပါတယ်” ဟု ၎င်းတို့က ပြောခဲ့သည်။

မလေးရှားအစိုးရအနေဖြင့် တရားရုံး ညွှန်ကြားချက်ကို ဖီဆန်ရန် မည်သည့်အတွက်ကြောင့် ရွေးချယ်ဆုံးဖြတ်ခဲ့သလဲ ဆိုသည့်အတွက် မလေးရှားပြည်သူများကို ဖြေရှင်းချက် ပေးရန် တာ၀န်ရှိကြောင်း Amnesty International ကလည်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly