အမေရိကန်က ကုလလူ့အခွင့်အရေးကောင်စီ၌ အဖွဲ့ဝင်အဖြစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းမည်  

အမေရိကန်က ကုလလူ့အခွင့်အရေးကောင်စီ၌ အဖွဲ့ဝင်အဖြစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းမည်  
Photo: AFP

ဖေဖော်ဝါရီ ၂၄  

အမေရိကန်သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် လွန်ခဲ့သော သုံးနှစ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ခဲ့ပြီးနောက် အဖွဲ့ဝင်အဖြစ်ပြန်လည်အရွေးခံရန် ကြိုးစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကန်က ဗုဒ္ဓဟူးနေ့တွင် အဆိုပါကောင်စီအား ပြောလိုက်သည်။  

အန်တိုနီဘလစ်ကင်က “၂၀၂၂-၂၄ ခုနှစ်အတွက် လူအခွင့်အရေးကောင်စီရဲ့ရွေးကောက်ပွဲမှာ အမေရိကန်က ပါဝင်သွားမယ်ဆိုတာ ကြေညာရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ လူ့အခွင့်အရေးကောင်စီမှာ နေရာတစ်နေရာပြန်ရဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးက ထောက်ခံကြဖို့လည်း ကျိုးနွံစွာ တောင်းဆိုပါတယ်” ဟု အန်တိုနီဘလစ်ကင်က ကုလလူ့အခွင့်အရေးကောင်စီသို့ ဗီဒီယိုသတင်းစကားပါးခဲ့ခြင်းဖြစ်သည်။  

ထရမ့်လက်ထက် ၂၀၁၈ ခုနှစ် ဇွန်လက ထိုအဖွဲ့မှ နုတ်ထွက်ခဲ့သော အမေရိကန်သည် အဖွဲ့ဝင် ၄၇ နိုင်ငံပါကောင်စီနှင့် ပြန်လည်ချိတ်ဆက်သွားမည်ဟု ယခုလအစောပိုင်းက ကြေညာခဲ့သည်။ 

သို့သော် အစ္စရေးကို ဆန့်ကျင်သော ဘက်လိုက်မှုများဆက်လက်ရှိနေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်သောနိုင်ငံများကို ထိုင်ခုံနေရာပေးခွင့်ပြုခြင်းများကိုလည်း စောဒကတက် ပြောဆိုခဲ့သည်။  

အမေရိကန်ထွက်သွားခဲ့ခြင်းသည် တရုတ်နှင့်အခြားနိုင်ငံများက ကောင်စီ၌ နေရာရရန်စိတ်အားထက်သန်နေခြင်းကိုလည်း အချည်းအနှီးဖြစ်စေခဲ့သည်။  

အမေရိကန်အနေဖြင့် ကောင်စီ၏လှုပ်ရှားမှုများတွင် ချက်ချင်းဆိုသလို တက်တက်ကြွကြွပါဝင်ရေး စတင်ရန် ကတိပြုထားသော်လည်း လွန်ခဲ့သောသုံးနှစ်က အဖွဲ့ဝင်ပုံစံမျိုးကိုမူ အလိုအလျောက်တော့ မရရှိနိုင်ပါ။  

လာမည့်သက်တမ်းအတွက် လူ့အခွင့်အရေးကောင်စီရွေးကောက်ပွဲကို ယခုနှစ်အကုန်တွင် ကျင်းပမည်ဖြစ်သည်။ 

“အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုချက်နေရာမှာ ထားရှိထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်က ဒါတွေက မရှိမဖြစ်မိုလို့ပါ” ဟု ဘလစ်ကင်က အွန်လိုင်းစနစ်ဖြင့် ကျင်းပသောလူ့အခွင့်အရေးကောင်စီ၏ နှစ်ပတ်လည်းအစည်းအဝေး၌ ပြောခဲ့သည်။  

ဘလစ်ကင်က “ ဒီကတိကဝတ်ဟာ  ခိုင်မာပြီး ဒီမိုကရေစီစနစ်အနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံထားပါတယ်။ အပြစ်အနာအဆာတွေနဲ့ တစ်ခါတလေ အကောင်းဆုံးတွေ ပြည့်မီအောင်မလုပ်ဆောင်နိုင်ပေမဲ့ ပိုမိုပြီးပြည့်စုံပြီး အလေးထားရတဲ့ လွတ်လပ်တဲ့နိုင်ငံအတွက် အမြဲကြိုးစားနေပါတယ်” ဟု ဆိုသည်။  

“အမေရိကန်ပြန်လည်ပါဝင်လာတဲ့အချိန်မှာ လူ့အခွင့်အရေးကောင်စီအနေနဲ့ ကိုယ်က လုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်လဲဆိုတာ ကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ အစ္စရေးအပေါ်မှာလည်း မမျှတတဲ့အာရုံစူးစိုက်မှုတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် ကောင်စီအဖွဲ့ဝင်အနေနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံဖို့အတွက် မြင့်မားတဲ့စံနှုန်းတွေကို ရောင်ပြန်ဟပ်စေဖို့လည်း ကျွန်တော်တို့ အလေးထားလုပ်ဆောင်သွားမှာပါ”  ဟု ဘလစ်ကင် ကပြောသည်။ 

ကောင်စီတွင် ထင်ရှားသောလူ့အခွင့်အရေးချိုးဖောက်သူများကို ထိုင်ခုံနေရာပေးထားသည့်အတွက်လည်း အမေရိကန်က ကာလရှည်ကြာ ဝေဖန်နေခဲ့သည်။ 

လက်ရှိအချိန်တွင် အဖွဲ့ဝင်နိုင်ငံများ၌ ကျူးဘား၊ ကင်မရွန်း၊ အီရီထရီးယားနှင့် ဖိလစ်ပိုင်တို့နှင့်အတူ တရုတ်၊ ရုရှားနှင့် ဗင်နီဇွဲလားတို့လည်းပါဝင်သည်။ 

“အဆိုးရွားဆုံးလူ့အခွင့်ရေးမှတ်တမ်းရှိသူတွေဟာ ဒီကောင်စီရဲ့ အဖွဲ့ဝင်အဖြစ် မပါဝင်သင့်ပါဘူး။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကိုပါ ပိုမိုမြှင့်တင်နိုင်ဖို့ အတွက် ကောင်စီရဲ့အသင်းသားတွေနဲ့ လုပ်ငန်းတွေကို ပိုမိုတိုးတက်အောင် ကျွန်တော်တို့တွေ အတူတကွ လုပ်ဆောင်ရပါမယ်” ဟု ဘလစ်ကင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly