အိန္ဒိယနှင့် အာဆီယံ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအား ပြန်လည်သုံးသပ်ရန် သဘောတူ

အိန္ဒိယနှင့် အာဆီယံ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအား ပြန်လည်သုံးသပ်ရန် သဘောတူ

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် (၁၇) ကြိမ်မြောက် အာဆီယံ-အိန္ဒိယစီးပွားရေးဝန်ကြီးများ ညှိနှိုင်းဆွေးနွေးမှုကို ပြုလုပ်ခဲ့ပြီးနောက် ၈ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး (စီးပွားရေးဝန်ကြီးများ အစည်းအဝေး) ကို သောကြာနေ့ (၁၉ - ၂ - ၂၀၂၁) တွင် virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal နှင့် ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Tran Tuan Anh တို့သည် စနေနေ့တွင် ညှိနှိုင်းမှုများအား ပူးတွဲ ဦး‌ဆောင်ခဲ့ကြသည်။

ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနေဖြင့် COVID-19 ၏ အကျိုးသက်ရောက်မှုနှင့် ၎င်း၏ရေရှည်စီးပွားရေးနှင့် ကျန်းမာရေးအကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းနေစဉ် အိန္ဒိယ-အာဆီယံ စီးပွားရေး ဆွေးနွေးမှုသည် အချိန်ကိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။

အိန္ဒိယသည် အရှေ့တောင်အာရှအုပ်စုနှင့် ၎င်း၏ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) အား စတင်အကောင်အထည်ဖော်ပြီး ၁၀ နှစ်အကြာတွင် ကုန်သွယ်ရေးသဘောတူညီချက် အတိုင်းအတာကို ပြန်လည်သုံးသပ်ရန် ဒေသတွင်းကုန်သွယ်ရေးဝန်ကြီးများကို တောင်းဆိုခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။ အာဆီယံ-အိန္ဒိယ ကုန်ပစ္စည်းကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (AITIGA) သည် ၂၀၁၀ ဇန်နဝါရီလတွင် စတင်အသက်ဝင်ခဲ့သည်။

တနင်္ဂနွေနေ့က ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ချက်တွင် “အိန္ဒိယနှင့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများသည် အကြီးတန်းအရာရှိများအား၊ ပြန်လည်သုံးသပ်ထားသော scope ကို ဆုံးဖြတ်နိုင်မည့် ဆွေးနွေးမှုများ အစောနိုင်ဆုံး စတင်နိုင်ရန်၊ အပြန်အလှန်အားဖြင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ပိုမိုလွယ်ကူရိုးရှင်းစွာ အသုံးပြုရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့အောင် လုပ်ကိုင်နိုင်စေရန် ညွှန်ကြားခဲ့သည်” ဟု ဖော်ြပထားသည်။

အိန္ဒိယ၏စိုးရိမ်ပူပန်မှုများအနက် အဓိကအချက်မှာ အိန္ဒိယတင်ပို့သူများအား အရှေ့တောင်အာရှ ဈေးကွက်တွင် တန်းတူညီမျှအခွင့်အရေး မရနိုင်မည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ ထို့အပြင် အိန္ဒိယသည် တရုတ်နိုင်ငံက အာဆီယံ-အိန္ဒိယလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (AIFTA) ၏ မူလစည်းမျဉ်းများ အားနည်းမှုအပေါ် မမျှတသော အခွင့်အရေးယူခဲ့သည်ဟု ယုံကြည်နေသည်။

၂၀၁၉-၂၀၂၀ တွင် အာဆီယံသို့ အိန္ဒိယ၏တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၁.၄၉ ဘီလီယံရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် စုစုပေါင်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၅၅.၃၇ ဘီလီယံရှိခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းကုန်သည်ကြီးများအသင်း၏ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အစီရင်ခံစာအရ အိန္ဒိယကုန်သည်များမှ အာဆီယံသို့ တင်ပို့မှုသည် ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံအထိ တိုးတက်ခဲ့ပြီး၊ နှစ်စဉ်တိုးတက်မှုနှုန်း(CAGR) တွင် ၅ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး၊ အာဆီယံ ၁၀ နိုင်ငံအုပ်စုမှ တင်သွင်းမှုသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာဘီလီယံ ၃၀ မှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံသို့ရောက်ရှိခဲ့ပြီး CAGR တွင် ရှစ်ရာခိုင်နှုန်းခန့်ရှိသည်။

ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် အတားအဆီးတစ်ခုမှာ အာဆီယံ၏ အခွန်အကောက်များဖြစ်သည်။ Times of India သတင်းစာအရ အိန္ဒိယသည် အင်ဒိုနီးရှားကုန်ပစ္စည်းများ၏ ၇၅ ရာခိုင်နှုန်းကို အကောက်ခွန်လျှော့ချရန်ကမ်းလှမ်းသော်လည်း အင်ဒိုနီးရှားသည် အိန္ဒိယပို့ကုန်၏ ၅၀ ရာခိုင်နှုန်းကိုသာ အကောက်ခွန်လျှော့ချခဲ့သည်။ အာဆီယံနှင့် စီးပွားရေး သဘောတူညီချက်ရှိသော အခြားဒေသတွင်း အိမ်နီးချင်းများနှင့် နှိုင်းယှဉ်လျှင် အိန္ဒိယသည် အာဆီယံဈေးကွက်တွင် ကွဲပြားခြားနားစွာ ဆက်ဆံခံရသည်။ ဥပမာအားဖြင့် ဂျပန်ကားတင်သွင်းမှုအား ထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် အခွန် ၅ ရာခိုင်နှုန်းသာ စည်းကြပ်သော်လည်းနှင့် အိန္ဒိယကားများကိုအခွန် ၃၅ ရာခိုင်နှုန်းကောက်ခံသည်။ အိန္ဒိယဆန်တင်ပို့မှုအပေါ်တွင်လည်း အာဆီယံကုန်သည်များရရှိသည့် အခွင့်အရေးနှင့် နှိုင်းယှဉ်လျှင် အလားတူ အခွန်အကောက် ခွဲခြားမှုများကို လေ့လာတွေ့ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required