ဝီဂါအရေးကြောင့် ၂၀၂၂ ခုနှစ် အိုလံပစ် အားကစားပွဲတော်အား တရုတ်နိုင်ငံပြင်ပတွင် ပြောင်းလဲကျင်းပရန် ကနေဒါ အတိုက်အခံခေါင်းဆောင် အိုတူးလီက ဆော်သြလိုက်

By India Blooms
24 February 2021
ဝီဂါအရေးကြောင့် ၂၀၂၂ ခုနှစ် အိုလံပစ် အားကစားပွဲတော်အား တရုတ်နိုင်ငံပြင်ပတွင် ပြောင်းလဲကျင်းပရန် ကနေဒါ အတိုက်အခံခေါင်းဆောင် အိုတူးလီက ဆော်သြလိုက်

ဝီဂါမွတ်ဆလင်များအပေါ် တရုတ်နိုင်ငံ၏ ပြုမူဆက်ဆံပုံများကို ထောက်ပြကာ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်အား ဘေဂျင်းတွင် မကျင်းပရန် ကနေဒါ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ အာရင် အိုတူလီက တောင်းဆိုလိုက်ပါသည်။

Xinjiang ပြည်နယ်အတွင်းရှိ ဝီဂါများအပေါ် “လူမျိုးတုန်း သတ်ဖြတ်မှု” ကို ကျူးလွန်သည်ဟု စွပ်စွဲထားစဉ်အတွင်း ကနေဒါ နိုင်ငံ၏ အားကစားသမားများအား တရုတ်နိုင်ငံအတွင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စေလွှတ်ခြင်းမပြုသင့်ဟု အိုတူလီက CBC သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ထို့အပြင် ဟောင်ကောင်ဆန္ဒပြပွဲမှ အဖြစ်အပျက်နှင့် ကနေဒါနိုင်ငံသားများဖြစ်ကြသည့် မိုက်ကယ် ကော်ဗရစ်နှင့် မိုက်ကယ် စပါဘာတို့ကို ဆက်လက်ထိန်းသိမ်းထားမှုများကိုလည်း ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်က ထောက်ပြခဲ့သည်။

ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်နှင့် မသန်စွမ်း အားကစားပွဲတော်များအား ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းတွင် တရုတ်နိုင်ငံမြို့တော်နှင့် အနီးပတ်ဝန်းကျင်တွင် ကျင်းပရန် စီစဉ်ထားသည်။

“မိမိလူဦးရေရဲ့ တစ်စိတ်တစ်ဒေသအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုကို ကျူးလွန်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်တစ်ရပ်မှာ ပါဝင်ယှဉ်ပြိုင်ခြင်းက ကမ္ဘာလုံးဆိုင်ရာ အခြေခံကျင့်ဝတ်စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်တယ်ဆိုတဲ့ အယူအဆကို ကနေဒါ နိုင်ငံသားတွေက လက်ခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အော့တဝါ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အိုတူလီက ပြောကြားခဲ့ခြင်းအား CBC သတင်းက ကိုးကားထားသည်။ “ကနေဒါနိုင်ငံက ဖိအားပေးပြောဆိုပေးရပါမယ်” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးအနေဖြင့် အားကစားပွဲတွေ ကျင်းပနိုင်မည့် အခြားနိုင်ငံများကို ရှာဖွေစိစစ် ဖော်ထုတ်ရန်အတွက် နိုင်ငံတကာ အိုလံပစ် အားကစား ကော်မတီထံ အရေးဆိုသင့်သည်ဟုလည်း အိုတူးလီက ပြောကြားခဲ့သည်။ သို့သော် သူသည် ကနေဒါ အားကစားသမားများကိုယ်တိုင် ထိုအားကစားပြိုင်ပွဲကို သပိတ်မှောက်ရေးအား တောင်းဆိုခြင်း မပြုခဲ့ပေ။

“ပြောင်းရွှေ့ကျင်းပဖို့ မဖြစ်နိုငဘူးဆိုရင် တရုတ်နိုင်ငံရဲ့ အပြုအမူတွေကလည်း မပြောင်းလဲနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သင့်မသင့် စုံစမ်းသင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly