အီကွေ‌ဒေါမှာ အကျဉ်းထောင် ဆူပူအုံကြွမှုတွေ ဖြစ်ပြီး ထောင်သား ၇၅ ဦးထက်မနည်း သေဆုံး

အီကွေ‌ဒေါမှာ အကျဉ်းထောင် ဆူပူအုံကြွမှုတွေ ဖြစ်ပြီး ထောင်သား ၇၅ ဦးထက်မနည်း သေဆုံး
Photo: EPA

ဖေဖေါ်၀ါရီ ၂၄

အီကွေဒေါနိုင်ငံရဲ့ လူပြည့်သိပ်နေတဲ့ အကျဉ်းထောင်တွေအနက် ထောင်သုံးခုမှာ ဖေဖေါ်၀ါရီ ၂၃ ရက်က ပြိုင်ဘက်ဂိုဏ်းအုပ်စုတွေအကြား ရန်ပွဲဖြစ်ပွားပြီး ဆူပူအုံကြွမှုတွေဖြစ်လို့ အနည်းဆုံး ထောင်သား ၇၅ ဦး သေဆုံးပြီး ထောင်သားအချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံအနောက်ပိုင်း ဆိပ်ကမ်းမြို့ ဂွေယာကွေးလ်က အကျဉ်းထောင်တစ်ခုမှာ ဖြစ်ခဲ့တဲ့ ဆူပူအုံကြွမှုတစ်ခုကို ထိန်းချုပ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့၀င်တွေ ကြိုးပမ်းခဲ့ရပြီး စိတ်သောကရောက်နေကြတဲ့ မိသားစု၀င်တွေဟာ ထောင်အပြင်ဘက်မှာ သတင်းတွေ သိရဖို့ လာရောက်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ အဆိုပါ ထောင်မှာ ဖြစ်ခဲ့တဲ့ ဆူပူမှုအတွင်း လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

အလားတူ နိုင်ငံတောင်ပိုင်း စူအန်ကာ မြို့က ထောင်တစ်ခုမှာ ဆူပူအုံကြွမှုကြောင့် နောက်ထပ် လူပေါင်း ၃၃ ဦး သေဆုံးခဲ့ရသလို နိုင်ငံအလယ်ပိုင်း လက်တာကန်ဂါမြို့က ထောင်မှာ ဖြစ်ခဲ့တဲ့ ဆူပူမှုကြောင့်လည်း ရှစ်ဦး သေဆုံးခဲ့ရတယ်လို့ အီကွေဒေါအစိုးရရဲ့ အကျဥ်းထောင်စီမံအုပ်ချုပ်မှု ဌာန ညွှန်ကြားရေးမှူး အက်မွန်ဒို မွန်ကာယိုက ပြောပါတယ်။

“သေဆုံးသူတွေရဲ့ နာမည်စာရင်းကို ကျွန်မတို့ကို ပေးစေချင်ပါတယ်” လို့ ဂွေယာကွေးလ် အကျဥ်းထောင်အပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့တဲ့ အမျိုးသမီး ၄၀ ဦးအနက် တစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဒန်နီလာ ဆိုရီယာက ပြောခဲ့ပါတယ်။

“ပြဿနာတွေက မပြီးသေးဘူးဆိုတာ ကျွန်မတို့ သိထားတယ်၊ ဘာလို့လဲဆိုတော့ အဲဒီမှာ ရှိတဲ့သူတိုင်းမှာ ဖုန်းတစ်လုံးတော့ ရှိပါတယ်၊ ခုထိ ကျွန်မ ယောကျ်ားဆီကနေ ကျွန်မဆီ ဖုန်းဆက်မလာသေးဘူး” လို့လည်း ၎င်းက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

အစောပိုင်းကတော့ ဆိုရီယာဟာ သူမ ခင်ပွန်းသည်  ရီကာဒိုဆီကနေ WhatsApp အသံမက်ဆေ့ချ်တစ်ခု ရရှိခဲ့ပြီး သူမဟာ ယင်းကို ဖွင့်ပြခဲ့ပါတယ်။ အဆိုပါ အသံမက်ဆေ့ချ်ထဲမှာ “သူတို့ ငါ့ကို သတ်ကြတော့မယ်၊ ငါ့ကို ဒီကနေ ထုတ်ပေးပါ” လို့ ပြောနေတာကို ကြားရပြီး ဒါကတော့ ခင်ပွန်းဖြစ်သူဆီကနေ နောက်ဆုံးကြားခဲ့ရတဲ့ အသံဖြစ်တယ်လို့ သူမက ပြောခဲ့ပါတယ်။

ဒီ အကျဉ်းထောင်ဆူပူအုံကြွမှုတွေဟာ “ထောင်တစ်ချို့မှာ တစ်ပြိုင်နက်တည်း ဖြစ်ခဲ့တဲ့ ရာဇ၀တ်ဂိုဏ်းအဖွဲ့တွေ ပါ၀င်ပတ်သက်နေခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေ” ဖြစ်တယ်လို့ အီကွေဒေါ သမ္မတ လီနင် မိုရီနိုက တွစ်တာကနေ ပြောခဲ့ပါတယ်။

အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အာဏာပိုင်တွေဘက်က ဆောင်ရွက်နေတယ်လို့ ၎င်းက ပြောပါတယ်။

ထောင်ဆူပူမှုတွေကို ထိန်းချုပ်ရာမှာ ရဲတွေကို ကူညီဖို့အတွက် စစ်တပ်ကိုလည်း တပ်ဖြန့်ချထားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly