တရုတ်ထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်ကို ထိုင်းလက်ခံရရှိ

တရုတ်ထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်ကို ထိုင်းလက်ခံရရှိ
Photo: EPA

တရုတ်ထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သိန်းဟာ ပထမအသုတ်အဖြစ် ထိုင်းနိုင်ငံဆီ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရောက်ရှိလာကြောင်း သိရပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအုပ်စုအဖြစ် ကာကွယ်ဆေးပေါင်း ရှစ်သိန်း ထိုးနှံပေးဖို့ ရည်ရွယ်ထားပြီး ကာကွယ်ဆေး တစ်သန်းစီဟာလည်း မတ်လနဲ့ ဧပြီလမှာ အသီးသီး လက်ခံရရှိဖို့ စီစဉ်ထားပါတယ်။ 

“ကျွန်တော်တို့တွေ ကာကွယ်ဆေးကို အကန့်အသတ်နဲ့ပဲ လက်ရှိရရှိနေဆဲ ဖြစ်ပါတယ်၊ ဒါကြောင့် အစိုးရအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ ကာကွယ်ဆေးကို ခုခံနိုင်စွမ်း ရှိသွားတဲ့အထိ လူတိုင်းကို ကာကွယ်ဆေးထိုးပေးနိုင်ရေး ပိုပြီး ဝယ်ယူဖြည့်တင်းဖို့ လိုအပ်နေပါတယ်”လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ 

“ကျွန်တော်အနေနဲ့ ဒီလမှာ တရုတ်က ကာကွယ်ဆေး ပထမအသုတ် ပို့ဆောင်ပေးတာအတွက် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်၊ ဒီ ကာကွယ်ဆေးတွေကို စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”လို့လည်း သူက ဆိုပါတယ်။ 

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ရှင်းက “ဒီကနေ့မှာ သုဝဏ္ဏဘူမိလေဆိပ်ကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သိန်းကို ပေးပို့တာဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ထုတ် ကာကွယ်ဆေးဟာ ကမ္ဘာအနှံ့က ပြည်သူတွေအတွက် ဖြစ်ရမယ်ဆိုတဲ့ ကတိစကားကို တရုတ်နိုင်ငံက စွဲစွဲမြဲမြဲ ဖြည့်ဆည်းပေးလိုက်တာကို ပြသနေတာပါပဲ”လို့ ပြောပါတယ်။ 

ထိုင်းအစိုးရရဲ့ ကာကွယ်ဆေး အစီအစဉ်ဟာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရဲ့ သင်္ကာမကင်း စောင့်ကြည့်မှုနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်။ အိမ်ရှေ့စံပိုင်ဆိုင်မှုဗျူရိုက ပိုင်ဆိုင်တဲ့ Siam Bioscience ကုမ္ပဏီကနေ အောက်စဖို့ဒ်နဲ့ AstraZeneca က ထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နည်းပညာဝယ်ယူပြီး နိုင်ငံတွင်းမှာ ထုတ်လုပ်မယ်လို့ အစိုးရက ထုတ်ပြန်ထားတာပါ။ 

အဲဒီလို Siam Bioscience ကုမ္ပဏီကနေ ဆေးဝါးထုတ်လုပ်ပြီး လူထုနှစ်သက်မှု ကျဆင်းနေတဲ့ ဘုရင်စနစ်ကို ပြန်လည်ထောက်ခံမှုရအောင် လုပ်ဆောင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက စေ့စေ့စပ်စပ် စောင့်ကြည့်လျက် ရှိတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly