ဖေဖော်ဝါရီ ၂၄
တရုတ်သည် ရှင်ကျန်းရှိ ဝီဂါမွတ်စလင် လူနည်းစုများအပေါ် ပြည်ပရှိ ဆွေမျိုးများအား လက်ဆောင်ပေးခြင်းနှင့် ရန်စခြင်း ကဲ့သို့သော သံသယစွပ်စွဲချက်များအတွက် နှစ်ရှည်ထောင်ဒဏ်များဖြင့် အပြစ်ပေးလျက် တရားဝင်တရားရုံးစနစ်ဖြင့် တရားစွဲဆိုမှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
ဤပြစ်မှုဆိုင်ရာ စီမံချက်များဖြင့်လည်း ရှင်ကျန်းဒေသရှိ နိုင်ငံရေးဆိုင်ရာပညာပေးစခန်းများတွင် အဓိအားဖြင့် မွတ်စလင်လူနည်းစု ဝီဂါနှင့်တခြားသူ တစ်သန်းခန့်ကို ထိန်းသိမ်းထားသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ ၂၀၁၆ ခုနှစ်မှစ၍ အဆိုပါ အနောက်မြောက်ပိုင်းဒေသတွင် လူပေါင်း ၂၅၀ ၀၀၀ ထက်မနည်းကို တရားဝင်အားဖြင့် ပြစ်ဒဏ်များချမှတ်ကာ ထောင်သွင်းအကျဉ်းချထားသည်ဟု ဆိုသည်။
တရားဥပဒေနှင့်အညီပြစ်ဒဏ်ချမှတ်သည်ဟု ဟန်ဆောင်ထားသော်လည်း ရှင်ကျန်းထောင်များမှ အကျဉ်းသားအများစုသည် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ၎င်းတို့ဘာသာဓလေ့ထုံးတမ်းများကို ကျင့်သုံးခြင်းများအတွက် ပြစ်ဒဏ်ချမှတ်ခြင်းခံနေရသော သာမန်ပြည်သူများဖြစ်သည်ဟု HRW မှ သုတေသီ Maya Wang က ထုတ်ပြန်ချက်၌ ဆိုထားသည်။
ရှင်ကျန်းဒေသတွင် တရုတ်၏လုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပြီး ကနေဒါပါလီမန်အမတ်များကလည်း အလားတူကြေညာချက်ကို အင်္ဂါနေ့က အတည်ပြုခဲ့ကြသည်။
မွတ်စလင်လူနည်းစု ဝီဂါနှင့်တခြားသူများကို နှိမ်နင်းသည့် ၂၀၁၇ နှင့် ၂၀၁၉ အကြားတွင် ရာဇဝတ်ပြစ်မှုဆိုင်ရာထောင်ဒဏ်ချမှတ်မှုများ မြင့်တက်ခဲ့သည်ဟု HRW က ပြောသည်။
ရှင်ကျန်းတရားရုံးများသည် ၂၀၁၆ တွင် လူပေါင်း ၄၀ ၀၀၀ ထောင်ဒဏ်ချမှတ်ခဲ့ရာမှ ၂၀၁၇ တွင် ၁၀၀ ၀၀၀ နီးပါးအထိ ချမှတ်ခဲ့ကြောင်း အစိုးရ၏အချက်အလက်များကို ကိုးကားလျက် HRW က ဆိုသည်။
ရဲများ၊ အစိုးရရှေ့နေများနှင့် တရားရုံးများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဟူသော အမည်အောက်တွင် မြန်ဆန်ပြင်းထန်သော အပြစ်ပေးမှု ချမှတ်ရန် ဖိအားပေးခြင်းခံခဲ့ရပြီး လူအများသည် စစ်မှန်သောပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ထောင်သွင်းအကျဉ်းချခံခဲ့ရကြောင်း HRW က ပြောသည်။
ဟာရမ်/ဟာလာ သတ်မှတ်ချက်များကို တခြားသူများအား ပြောပြခြင်းနှင့် တူရကီရှိ ဆွေမျိုးများထံ လက်ဆောင်များ ယူဆောင်ခြင်း အပါအဝင် လုပ်ရပ်များစွာအတွက် ထောင်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်ပြီး ထောင်ဒဏ်များမှာလည်း ရှည်ကြာသည်ကို သတိထားမိကြောင်း HRW က ပြောသည်။
၂၀၁၇ မတိုင်ခင်က အမိန့်ချပြစ်ဒဏ်များ၏ ၁၁ ရာခိုင်နှုန်းခန့်သည် ထောင်ဒဏ် ငါးနှစ်ကျော်ကျခံရပြီး ၂၀၁၇ တွင် ထောင်ဒဏ်ချမှတ်ခံရမှု ၈၇ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။
ရှင်ကျန်းဒေသရှိ မွတ်စလင်လူနည်းစုများအပေါ် တရုတ်၏ ပြုမူဆက်ဆံမှုနှင့် အကျဉ်းချခြင်းတို့တွင် အမျိုးသမီးများကို အတင်းအဓမ္မ သားကြောဖြတ်ခိုင်းခြင်းနှင့် အဓမ္မ အလုပ်ခိုင်းစေခြင်းစသော စွပ်စွဲချက်များလည်း ပါဝင်ပြီး နိုင်ငံတကာ၏ ရှုတ်ချသံများကို တိုးပွားလာစေခဲ့သည်။
ရှင်ကျန်းတွင် စခန်းများတည်ရှိခြင်းကို အစောပိုင်းက ငြင်းပယ်ပြီးနောက် ပေကျင်းသည် အစ္စလာမ္မာစ်အစွန်းရောက်ဝါဒများ၏ အယူခံဝင်မှုကို လျှော့ချရန် ရည်ရွယ်လျက် ၎င်းစခန်းများသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးစခန်းများဖြစ်ကြောင်း နောက်ပိုင်းတွင် ကာကွယ်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရှင်ကျန်းရှိ တိုင်းရင်းသားလူနည်းစုအပေါ် ပေကျင်း၏ ပြုမူဆက်ဆံမှုသည် တရုတ်၏လူ့အခွင့်အရေးတိုးတက်မှု၏ ထင်ပေါ်သောဥပမာတစ်ခုဖြစ်ကြောင်း တနင်္လာနေ့က ပြောဆိုခဲ့သည်။




















